ကမ္ဘာ့ဖလား ကာလမှာ ရုရှား-ယူကရိန်း စစ်ပွဲ ယာယီ ရပ်နားထားဖို့ ဖီဖာဥက္ကဋ္ဌ အဆိုပြု 

ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ရုရှား-ယူကရိန်း စစ်ပွဲကို ယာယီ အပစ်အခတ် ရပ်စဲထားနိုင်စေဖို့ ထူးကဲတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနီုက ပြောကြားခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံမှာ ကမ္ဘာ့ထိပ်သီး စီးပွားရေး အင်အားစု နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရင်း အင်ဖန်တီနိုက ကမ္ဘာ့ဖလား ကျင်းပနေတဲ့ တစ်လတာ ကာလအတွင်း ယူကရိန်း စစ်ပွဲကို အပစ်အခတ် ရပ်စဲထားနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

အနည်းဆုံးတော့ ကမ္ဘာ့ဖလား ကျင်းပနေတဲ့ တစ်လတာ ကာလလောက်ကို အပစ်အခတ် ရပ်စဲထားဖို့ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြစေလိုကြောင်း၊ အဲဒီ ကာလအတွင်း အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေဆီ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့မယ့် အစီအမံတွေ အကောင်အထည် ဖော်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးရဲ့ ပထမအဆင့် ဆွေးနွေးမှု ခြေလှမ်းတွေ စတင်နိုင်ဖို့ လမ်းကြောင်းတွေ ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း အင်ဖန်တီနိုက ဆိုပါတယ်။ 

G20 တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ သမိုင်းကြောင်းကို ပြောင်းလဲပစ်နိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိကြကြောင်း၊ အခုအခါ ကမ္ဘာ့ဖလားနဲ့ ဘောလုံး အားကစားက အဲဒီ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ဖို့ ထူးကဲတဲ့ အခွင့်အလမ်း တစ်ရပ်ကို ယူဆောင်လာပေးကြောင်း၊ ဒါကြောင့် ဒီအခွင့်အရေးကို လက်တွေ့ အရယူပြီး ယူကရိန်း စစ်ပွဲအပြင် ပဋိပက္ခ အားလုံးကို အဆုံးသတ်ပစ်ဖို့ စတင် အားထုတ်စေလိုကြောင်း အင်ဖန်တီနိုက ဆက်လက် ပြောကြားသွားပါတယ်။ 

ဒီနှစ် G20 ညီလာခံကို ရုရှား သမ္မတ ဗလာဒီမာပူတင်က ကိုယ်တိုင် မတက်ရောက်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကိုသာ စေလွှတ်ခဲ့ပါတယ်။ အင်ဖန်တီနိုဟာ ၂၀၁၉ ခုနှစ်က ကရင်မလင် နန်းတော်မှာ ပူတင်ကို Order of Friendshipဆုကို ဂုဏ်ပြု ချီးမြှင့်ခဲ့ဖူးပါတယ်။ 

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရုရှား လက်ရွေးစင် အသင်းဟာ ယူကရိန်း ပြဿနာကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင် ခံခဲ့ရပြီး ယူကရိန်းကတော့ ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ အရေးနိမ့်ခဲ့တာကြောင့် လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးနဲ့ လွဲချော်ခဲ့ပါတယ်။