ယူကရိန်း နယ်စပ်နားက ပိုလန်ကျေးရွာတစ်ခုမှာ ဒုံးကျည်ထိမှန်လို့ နှစ်ဦးသေ 

ယူကရိန်းနဲ့ နယ်စပ်နားက ရွာငယ်တစ်ခုမှာ ဒုံးကျည် ကျရောက် ပေါက်ကွဲပြီး လူ ၂ ဦး သေဆုံးခဲ့တဲ့နောက် ပိုလန် အစိုးရဟာ လုံခြုံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၅ ရက်က ယူကရိန်း နယ်နိမိတ်နဲ့ မိုင်အနည်းငယ်လောက်အကွာ ပိုလန် ပိုင်နက်ထဲက ရွာတစ်ရွာကို ဒုံးကျည် ကျရောက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးကြောင်း ပိုလန် အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အဲဒီနေ့မှာ ရုရှားက ယူကရိန်း နိုင်ငံအနှံ့ကို ဒုံးကျည်တွေ အများအပြား ပစ်လွှတ်ပြီး တိုက်ခိုက်နေခဲ့ပါတယ်။ 

ပိုလန်က သူတို့ပိုင်နက်ထဲ ကျရောက်လာတာဟာ ရုရှားလုပ် ဒုံးကျည်တစ်စင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ယူကရိန်းရော၊ ရုရှားပါ အခုစစ်ပွဲမှာ ရုရှားလုပ် ဒုံးကျည်တွေကို အသုံးပြုနေကြပေမယ့် ပိုလန်ပိုင်နက်ထဲ ကျရောက်လာတာကတော့ ရုရှားက ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ဖြစ်နိုင်ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ 

ပိုလန် သမ္မတ အန်ဒါဇက်ဂျ် ဒူဒါက အရပ်သားတွေ သေဆုံးမှုဟာ ရုရှားလုပ် ဒုံးကျည်ကြောင့်ဆိုတာ သေချာသလောက် ရှိနေကြောင်း၊ ဒါပေမဲ့ အဲဒီ ဒုံးကျည်ကို ဘယ်သူ ပစ်လွှတ်ခဲ့သလဲ ဆိုတာကိုတော့ ခိုင်မာတဲ့ အထောက်အထားတွေ ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ ဒူဒါဟာ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အစိုးရ အဖွဲ့ရဲ့ အရေးပေါ် အစည်းအဝေး တစ်ရပ်ကိုလည်း ခေါ်ယူစေခဲ့ပါတယ်။ 

ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကတော့ ပိုလန်ပိုင်နက်ထဲက ပေါက်ကွဲမှုနဲ့ ပတ်သက် ဆက်နွှယ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ လေ့လာသူတွေကတော့ တကယ်လို့ ဒါဟာ ရုရှားဒုံးကျည် ဖြစ်ခဲ့ရင်တောင် ပိုလန်ကို ရည်ရွယ်ပြီး တိုက်ခိုက်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရကြောင်း ပြောပါတယ်။ တကယ်လို့ ရုရှားကသာ ပိုလန်ကို ရည်ရွယ်ချက်ရှိရှိ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့တယ် ဆိုရင်တော့ ယူကရိန်း ပဋိပက္ခထက်ကို ပြဿနာ ကြီးသွားနိုင်ပါတယ်။ အကြောင်းကတော့ ပိုလန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်နေတာကြောင့်ပါ။ 

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် အစည်းအဝေးမှာတော့ ဗိုလ်ချုပ် ပက်ထရစ် ရိုင်ဒါက ပိုလန်ပိုင်နက်ထဲ ရုရှားဒုံးကျည်နှစ်စင်း ကျရောက်သွားတာ သတိပြုမိကြောင်း ပြောပေမယ့် အသေးစိတ်တော့ တင်ပြမသွားပါဘူး။ 

လက်နက် သုတေသီတွေက ရုရှားရော၊ ယူကရိန်းပါ တူညီတဲ့ စစ်လက်နက် တချို့ကို အသုံးပြုနေတာကြောင့် သီအိုရီအရ အခုဖြစ်စဉ်မှာ ရုရှားကို တပ်အပ် စွပ်စွဲလို့ မရနိုင်သေးကြောင်း သဘောတူကြပါတယ်။ ဒါပေမဲ့ ပိုလန်မှာ ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲတဲ့နေ့မှာ ရုရှားတပ်တွေက ယူကရိန်းကို ဒုံးကျည်မိုး ရွာနေခဲ့တာနဲ့ တိုက်ဆိုင်နေတာကြောင့် သံသယ ဝင်စရာ ဖြစ်နေပါတယ်။ 

ဘာပဲဖြစ်ဖြစ် ရုရှား-ယူကရိန်း စစ်ပွဲရဲ့ မီးပွားတစ်စဟာ အဖွဲ့ဝင် နိုင်ငံတစ်ခုထဲထိ ကျရောက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ NATOကလည်း အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေးတိုင်ပင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Delta News

Read Previous

ကမ္ဘာ့ဖလား ကာလမှာ ရုရှား-ယူကရိန်း စစ်ပွဲ ယာယီ ရပ်နားထားဖို့ ဖီဖာဥက္ကဋ္ဌ အဆိုပြု 

Read Next

တရုတ်က မြို့တစ်မြို့မှာ ဇီးရိုးကိုဗစ် မူဝါဒကို သည်းမခံနိုင်လို့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့