ရုရှားနယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ရုရှား တော်လှန်ရေးတပ်တွေ လက်ချက်သာ ဖြစ်တယ်လို့ ယူကရိန်းဆို

မေ၊ ၂၃

ရုရှားနယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ် ဆိုတာက သူတို့နဲ့ ဘာမှ မပတ်သက်ဘူးလို့ ယူကရိန်း စစ်တပ်က ကြေညာခဲ့ပါတယ်။

 ယူကရိန်းနဲ့ နယ်စပ်နားက ဘယ်လ်ဂိုရော့ဒ် ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ရုရှားပိုင်နက်ထဲထိ အဖျက်အမှောင့် အဖွဲ့အစည်းတွေ ဝင်ရောက် တိုက်ခိုက်မှု ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဗစ်ချက်စ်လက်ဗ် ဂလက်ဒ်ကော့ဗ်က ပြောပါတယ်။ ဒေသတွင်းက အခြေခံ အဆောက်အအုံနဲ့ စစ်ရေး ပစ်မှတ်တချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် ယူကရိန်းနဲ့ နယ်စပ်တလျှောက် ဝင်ရောက်လာတဲ့ အဲဒီ ရန်သူ အင်အားစုတွေကို တွန်းလှန်နိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

 အခုလို ဖြစ်ရပ်မျိုးဟာ ရုရှား-ယူကရိန်း စစ်ပွဲကာလတလျှောက်မှာ အတိုင်းအတာ အကြီးမားဆုံး ကြုံတွေ့လာတာလို့လည်း ဂလက်ဒ်ကော့ဗ်က မှတ်ချက် ပေးပါတယ်။

 ဒါပေမဲ့ ယူကရိန်း စစ်တပ်ကတော့ သူတို့ဟာ ရုရှားပိုင်နက်ထဲထိ ဝင်ရောက်ကျူးကျော် တိုက်ခိုက်တာမျိုး လုံးဝ မလုပ်ခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။ ရုရှားမြေမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာက ရုရှား လက်နက်ကိုင် တော်လှန်ရေး အင်အားစု နှစ်ခုဖြစ်တဲ့ Liberty of Russia Legionနဲ့ Russian Volunteer Corpsတို့သာ ဖြစ်တယ်လို့လည်း ယူကရိန်းက ပြောပါတယ်။

 အဲဒီ အဖွဲ့အစည်းတွေဟာ သမ္မတ ဗလာဒီမာ ဦးဆောင်တဲ့ ရုရှားအစိုးရကို အတိအလင်း လက်နက်ကိုင် တော်လှန်နေကြတာ ဖြစ်ပါတယ်။

 အဲဒီတပ်နှစ်ခုစလုံးဟာ ရုရှားနိုင်ငံသားတွေသာ စုစည်းထားတာဖြစ်ပြီး ရုရှားမြေမှာ သူတို့လုပ်ဆောင်တဲ့ ကိစ္စတွေက ယူကရိန်းနဲ့ ဘာမှမဆိုင်တဲ့ ရုရှား ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ယူကရိန်း စစ်ဘက်က ပြောကြားခဲ့ပါတယ်။

 ယူကရိန်း သမ္မတရုံး အကြံပေး အရာရှိ တဦးကလည်း နယ်စပ်နားက ရုရှားဖက်ခြမ်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို စိတ်ဝင်တစား စောင့်ကြည့်နေပေမယ့် ယူကရိန်းက ပါဝင်ပတ်သက်မှု လုံးဝ မရှိဘူးလို့ ဖြေရှင်းချက် ပေးခဲ့ပါတယ်။

 ယူကရိန်း အတွက်တော့ ခုခံစစ် ဆင်နွှဲနေတာသာဖြစ်ပြီး ရုရှားပိုင်နက်ကို ထိပါးမှု မရှိဘူးဆိုတဲ့ စံတန်ဖိုးကို ထိန်းသိမ်းဖို့က အရမ်းအရေးကြီးပါတယ်။ အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းအတွက် စစ်လက်နက်တွေ ထောက်ပံ့ရာမှာလည်း ကာကွယ်ရေး အတွက်သာ သုံးစွဲခွင့်ပြုပြီး ရုရှားပိုင်နက်ထဲထိ ပစ်ခတ်တာမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။