တပတ်တာ နွေဦးပုံရိပ်လွှာ ၅

သက်ကြီးပိုင်းအမျိုးသားတယောက်…။မိန်းမထိုင် ထိုင်နေတဲ့ သူ့ပုံစံက ရုတ်တရက်ကြည့်မိရင်လက်အုပ်ချီနေ သလိုမျိုး..။သေသေချာချာ အာရုံစူးစိုက်ကြည့်မိရင်တော့သူ့လက်အစုံကလက်အုပ်ချီနေတာ မဟုတ်ဘဲ သစ်ပင်နဲ့ ပူးကပ်တုပ်နှောင်ခံထားရတယ်ဆိုတာ မြင်နိုင်ပါတယ်။

“ကျွန်တော်တို့က စစ်သား.၊ဂျီနီဗာကွန်ဗင်းရှင်းနဲ့ပဲသွားမှာ၊ဦးလေးကိုထုလည်းမထုဘူး၊ရိုက်လည်းမရိုက်ဘူး”ထွက်ပေါ်လာတဲ့ စကားသံပိုင်ရှင်ကိုတော့ မြင်ကွင်းထဲမှာမမြင်ရ။ မြင်ကွင်းထဲက သက်ကြီးအမျိုးသားကတော့ မြေပြင်မှာ ခို့ခို့ရို့ရို့ထိုင်ရင်း “ဟုတ်ကဲ့” လို့ စကားထောက်နေလေရဲ့…။တကယ်တော့ ဒီသီတင်းပတ် နွေဦးပိတ်ကားပြင်ထက်မှာ ပြောစရာမြင်ယောင်ကြည့်စရာ အခင်းအကျင်း၊အဖြစ် အပျက်တွေများမှများ..။

ရန်ကုန်အင်းစိန်ထောင်က ပဟေဠိဆန်တဲ့ ပေါက်ကွဲမှု၊တနိုင်ငံလုံး အုံးအုံးကျွတ်ကျွတ်ဖြစ်ခဲ့ရတဲ့ကော့ကရိတ် တိုက်ပွဲ စသည်စသည် အကြောင်းအရာတွေစုံလို့..။ဒါပေသိ “ကျွန်တော်တို့က စစ်သား” ဆိုတဲ့ စကားသံကိုပဲ သောတအာရုံမှာပဲ့တင်ထပ်နေမိတယ်။မြေကဗ္မလာ ပေါ် မှာ မခို့တရို့ဖြစ်နေရှာတဲ့အမျိုးသားကြီးကိုလည်းမြင်ယောင်နေမိတယ်။အဲ့ဒီမြင်ကွင်းဟာ ဒေါနတောင်တန်းတွေဆီက လာခဲ့တာ..။မြင်ကွင်းထဲက သက်ကြီး အမျိုးသားကြီးဟာစစ်တပ် က ဒုအရာခံဗိုလ် စိုးမြင့်တဲ့..။ဒေါနမြေက ကျားဖြူစစ်ကြောင်းထိန်းချုပ်နယ်မြေထဲ
ဖိတ်ခေါ်ချက်မရဘဲ အလယ် သွားမိခဲ့သူပေါ့။နားထောင်လိုက်မိတိုင်း ကြက်သီးထမိသလို အားတက်စရာလည်းကောင်းတဲ့ “ကျွန်တော်တို့ကစစ်သား”လို့ ပြော နေသူလူငယ်ကတော့ ကျားဖြူစစ်ကြောင်းက တပ်ဖွဲ့ဝင်တဦးပါ။“ကျွန်တော်တို့ လူငယ်စိတ်နဲ့ဆို ဦးလေးခေါင်းထဲမှာကျည်ငါးတောင့်ခြောက်တောင့်ရောက်သွားပြီလို့”လည်း အဲ့ဒီ လူငယ်ကပြောသေးတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပြုမှုလုပ်ကိုင်နေပုံတွေကို မနှစ်မြို့တဲ့ ပြည်သူတယောက်အဖို့တော့ယုံကြည်မှုအပြည့်နဲ့ ပြောတဲ့“ကျွန်တော်တို့က စစ် သား” ဆိုတဲ့ စကားရယ်၊ ရင်ထဲကလာတဲ့“ဂျီနီဗာကွန်ဗင်းရှင်း”ဆိုတာရယ်နဲ့တင် ဒီမြင်ကွင်း၊ဒီအသံတွေဟာ နှစ်လိုစရာကောင်းနေလေရဲ့….။

ဒီသီတင်းပတ်ထဲမှာပဲ ဒေါနမြေကိုအကြောင်းပြုပြီး “ဂျီနီဗာကွန်ဗင်းရှင်း”ဆိုတာကိုကြားရသေးတယ်။ဒီတခါတော့ အဲ့ဒီစကားလုံးကို ပြောသူက စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်း..။ကော့ကရိတ်တိုက်ပွဲမှာ KNU၊PDF ပူးပေါင်း တပ်တွေဟာ ဂျီနီဗာ ကွန်ဗင်းရှင်းကို
ချိုးဖောက်ခဲ့ကြသတဲ့..။

အရပ်သားတွေထိခိုက်အောင်မြို့တွင်းထိ ဝင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြသတဲ့။သူခိုးကလူပြန်ဟစ်ဆိုသလို ကိစ္စတွေပေါ့….။ဆေးရုံတွေ၊ကျောင်းတွေ၊လူနေကျေးရွာတွေ၊မြို့တွေကို လေကြောင်းနဲ့ တိုက်ခိုက်၊လူနေအိမ်တွေကို မီးရှို့၊ပြည် သူပိုင်ပစ္စည်းတွေမတရား လုယူခိုးဖွက်နေချိန်မှာတော့ စစ်အုပ်စုဟာ ဂျီနီဗာကွန်ဗင်းရှင်းကို သတိရကြ ပုံမပေါ် ပါဘူး။

တနိုင်ငံလုံးကို အသာထား။စစ်ကိုင်းတိုင်းထဲ တပတ်အတွင်းဖြစ်ခဲ့တာတွေထဲကတချို့ကိုပဲကြည့်။ဗန်းမောက်မှာ စစ်အုပ်စုဆန့်ကျင်သူ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူတွေဖွင့်ကြတဲ့ဆေးရုံနှစ်ရုံ လေကြောင်းနဲ့ပစ်ခတ် တိုက် ခိုက်ခံရတယ်။ပေါက်မြို့မှာ CDM ကျောင်းဆရာတယောက်ကို စစ်တပ်က ခေါင်းဖြတ်သတ်ဖြတ်ပြီး ရုပ်အလောင်းကိုစာသင် ကျောင်းရှေ့မှာ ရက်ရက်စက်စက် လုပ်ပြထားခဲ့တယ်။ယင်းမာပင်မြို့ ရင်ပေါင်တိုင်ရွာကို စစ်တပ်က စစ်ကြောင်းထိုးတဲ့ဆက်စပ်တိုက်ပွဲတွေအတွင်းလုပ်ခဲ့တာတွေ ဟာ လည်း အော့နှလုံးနာစရာတွေပါ။ရင်ပေါင်တိုင် ရွာဝန်းကျင်တနေရာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ဒေါင်းမင်းတပ်ရင်းနဲ့ စစ်တပ်တိုက်ပွဲ ဖြစ်ကြတယ်။ပစ်ကြခတ်ကြရင်း ဒေါင်းမင်း

တပ်ဖွဲ့ဝင်တွေပြန်ဆုတ်ရတယ်။တခြားတပ်ဖွဲ့ဝင်တွေဆုတ်ခွာနိုင်ဖို့ ခံ ပစ်ရင်းကျန်ခဲ့တဲ့ ဒေါင်းမင်းတပ်ဖွဲ့တပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးတယ်။တိုက်ပွဲဖြစ်တယ်၊ကျဆုံးတယ် ဆိုတာ စစ်သဘောအရတော့ မထူးတဲ့ကိစ္စတွေပေါ့။ထူးတာကတော့စစ်တပ်ဟာ ဒေါင်းမင်းတပ်ရင်းမှူး ဗိုလ်စက္ကကို ခေါင်းတခြားကိုယ်တခြားဖြစ်အောင်လုပ်ခဲ့တယ်။ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ ရုပ် အလောင်းမှာတော့ငယ်ပါကိုတောင်ဖြတ်ပစ်ထားတာတွေ့ရသတဲ့…။ဒီသတင်းပတ်အဖို့ ယင်းမာပင်က သတင်းဆိုးတွေဟာ ဒီလောက်နဲ့မကုန်နိုင်သေးဘူး။ရွှေလှံရွာအနီးကPDF တွေ နား ခိုတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က PDF တပ်ဖွဲ့ဝင်တွေလို အယောင်ဆောင်ပြီးစီးနင်းတိုက်ခိုက်တယ်။အဲ့ဒီနောက်မှာတော့ မီးရှို့ခံထားရတဲ့အလောင်းဆယ်လောင်းကို ကာကွယ်ရေးတပ်တွေတွေ့ကြရတော့တာပါပဲ။ တပ်ဖွဲ့ဝင်နှစ်ယောက်လည်း ပျောက်ဆုံးနေတယ်လို့ဆိုတယ်။စစ်အုပ်စုရဲ့လူမှုကွန်ရက်ပေါ်က ဝါဒဖြန့် စာမျက်နှာ တွေမှာတော့ နှစ်ယောက်ကိုအရှင်ဖမ်းမိခဲ့တယ်လို့ရေးကြပါတယ်။

အဲ့ဒီနှစ်ယောက်ထဲက တယောက်ဟာ အမျိုးသမီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။စစ်တပ်ကကျူးလွန်ခဲ့ သမျှ အကြမ်းဖက်မှုတွေရဲ့ မြူတမှုန်၊သံတပွင့်စာလောက်ပဲရှိဦးမယ့် ဒီလုပ်ရပ်တွေကရောဂျီနီဗာကွန်ဗင်းရှင်းနဲ့ အ ညီပဲလားလို့ စစ်ကောင်စီပြောခွင့်ရ ဆိုသူကြီးကို မေးချင်တော့တာပါ။

ဒီတပတ်အဖို့တော့ မေးခွန်းထုတ်စရာလို့ဆိုလိုက်တာနဲ့ မဖြစ်မနေသတိရသင့်တဲ့အထဲမှာ STA ဆိုတဲ့သိုးဆောင်း အက္ခရာ သုံးလုံးလည်းပါတယ်။အဲ့ဒီအက္ခရာ သုံးလုံးကပဲ ပဟေဠိတွေအများကြီးဖြစ်စေခဲ့တယ်မဟုတ်လား…။

Special Task Agency Of Burma ဆိုတဲ့ အဲ့ဒီအဖွဲ့ဟာ အင်းစိန်ထောင်ထဲအထိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တဲ့မြို့ပြ ပြောက်ကျား အဖွဲ့ပေါ့။လူသိမများလှပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်ထဲမှာတော့ အဲ့ဒီအဖွဲ့ကနာမည်ခံခဲ့တဲ့ တိုက် ခိုက်မှုတချို့ဟာ နွေဦးရပ်ဝန်းမှာ ထင်ပေါ်ခဲ့သေးတယ်။

အထူးသဖြင့် သင်္ဃန်းကျွန်း လဝက ရုံးထဲ ဝင်ရောက်ပစ်ခတ်မှုဟာ အဲ့ဒီအဖွဲ့နဲ့ ပတ်သက်လို့ လူသိများခဲ့တဲ့လှုပ် ရှားမှုဖြစ်တယ်။ဒါပေမယ့် ဒီတခါ အင်းစိန်ထောင်ဖောက်ခွဲမှုမှာတော့ STA အဖွဲ့ဟာ နွေဦးရပ်ဝန်းမှာမသိသူအလွန် နည်းအောင်ကို ထင်ပေါ်ခဲ့တာ။ကောင်းသော ထင်ပေါ်မှုမျိုးတော့ မဟုတ်ခဲ့ဘူးပေါ့။အင်းစိန်ထောင် ထောင်ဝင်စာ လက်ခံဌာနအထိဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ STA က ဂုဏ်ယူတဲ့ လေသံမျိုးနဲ့စာထုတ်တာဝန်ခံခဲ့ပေမယ့် အဲ့ဒီတိုက်ခိုက်မှုကြောင့် နွေဦးရပ်ဝန်းမှာ ဝမ်းနည်းစရာတွေပိုများခဲ့ရတယ်။

ထောင်မှူးကို ဦးတည်တဲ့ တိုက်ခိုက်မှုလို့ STA ကဆိုပေမယ့် ထောင်မှူးသေမသေဆိုတဲ့ ကိစ္စကအခုအချိန်အထိ ရေရေရာရာမရှိလှဘူး။ဒါ့အပြင် အဲ့ဒီပေါက်ကွဲမှုအတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေ ထိခိုက် ကြွေ လွင့်ခဲ့ကြရတယ်။ကိုဂျိမ်းလို့ လူသိများတဲ့ဗကဟကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်ရဲ့ အမေအဲ့ဒီပေါက်ကွဲမှု ဖြစ် စဉ်ထဲမှာ ကြွေလွင့်ခဲ့ရသလို ပန်းပင်ကြီးလမ်း ပြောက်ကျားသပိတ်မှာ ဖမ်းဆီးခံရတဲလူငယ်တယောက်ရဲ့ အမေ လည်း ဆုံးပါးသွားတယ်။

ကိုလင်းထက်နိုင်ဟာ ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်မို့စစ်အစိုးရခေတ်ကတည်းက သူ့အဖို့ ထောင်ဆိုတာလည်းမဆန်းတော့ဘူးပေါ့။သူအဖို့မဆန်းတော့သလိုနောက်ကထောင်ဝင်စာလိုက်ပေးရရှာတဲ့ မိခင် ဖြစ်သူအဖို့လည်း ဘယ်ဆန်းတော့မှာလဲ။အခုတော့ သားဖြစ်သူရှိတဲ့ အကျဉ်းထောင် ပရဝုဏ်ထဲမှာပဲရုတ်တရက်ကြွေလွင့်ခဲ့ရပြီ။တခြားနိုင်ကျဉ်းတချို့ရဲ့ မိသားစုဝင်တွေလည်း
ထိခိုက်သေဆုံးတာတွေရှိခဲ့ပါသေးတယ်။

ဖြစ်စဉ်ကတော့ အခုအချိန်အထိ ရှပ်ထွေးနေတုန်းပါပဲ။ဗုံးပေါက်တာနဲ့တင်ပြီးသွားခဲ့တာ မဟုတ်ဘူး။ဗုံးနှစ်လုံး ပေါက်တယ်၊ထောင်ထဲက စစ်တပ်လုံခြုံရေးကလည်း ပစ်ခတ်တာတွေရှိခဲ့တယ်။အဲ့ဒီဖြစ်စဉ်မှာပေါက်ကွဲမှု ကြောင့်ထက် စစ်တပ်က ရမ်းပစ်လို့ အထိအခိုက်များသွားရတယ်လို့ မျက်မြင်တွေကမီဒီယာတွေကိုပြောတယ်။

စစ်ကောင်စီကတော့ ပေါက်ကွဲမှုကြောင့်သေဆုံးထိခိုက်ကြရတာဖြစ်တယ်လို့ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနေရာ၊ဒီလိုအချိန်မှာဒီလိုတိုက်ခိုက်မှုလုပ်သင့်၊မသင့်ဆိုတာဟာ နွေဦးရပ်ဝန်းမှာ ဆွေးနွေးကြရဆဲ အရေးအရာအဖြစ်ရှိနေတယ်။

မလုပ်သင့်ဘူးဆိုတဲ့ ဘက်ကတော့အလေးသာပါတယ်။မြို့ပြပြောက်ကျားအဖွဲ့တွေ၊ထောက်ပို့အဖွဲ့တွေကစလို့ NUG အထိအဲ့ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်းထုတ်ပြန်ကြတာတွေကိုကြည့်ရင် သိနိုင်ပါတယ်။နောက်ထပ်ပြဿနာကတော့ STA အဖွဲ့ဟာ အဲ့ဒီတိုက်ခိုက်မှုလုပ်ချိန်အထိ မြေပြင်မှာတကယ်ရှိနေသေးရဲ့လား ဆိုတာပါ။တကယ်လှုပ်ရှားခဲ့တဲ့ အဖွဲ့ဖြစ်ပေမယ့် အဖွဲ့ဝင်အားလုံး စစ်ကောင်စီကဖမ်းမိထားပြီးပြီလို့ ဆိုသူတွေ လည်းရှိတယ်။

မှတ်တမ်းတွေအရတော့ STA အဖွဲ့ဟာ ဇွန်လကုန်ပိုင်းကနေ လက်ရှိ အင်းစိန်ထောင်ဖောက်ခွဲမှုအထိလေးလ လောက်အတွင်း ရန်ကုန်မှာ တိုက်ခိုက်မှု ကိုးကြိမ်လုပ်ခဲ့တာတွေ့ရပါတယ်။အခုလထဲမှာတော့အင်းစိန်ထောင် ဖြစ် စဉ်တခုကိုပဲ သူတို့ လုပ်တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာပါ။

ဒီမတိုင်ခင်အခုလဆန်းပိုင်းမှာ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲမှာ မပူးပေါင်းကြဖို့ကြေညာချက်တခုပဲ ထုတ် ပြန်ထားတယ်။STA အဖွဲ့ဟာ မြောက်ဒဂုံက DENKO ဆီဆိုင်ကိုတိုက်ခိုက်ချိန်မှာ သေနတ်ပစ်ဖောက် ခြောက် လှန့်ခဲ့ရလို့ ပြည်သူကို တောင်းပန်တယ်လို့ထုတ်ပြောဖူးတဲ့အဖွဲ့လည်းဖြစ်တယ်။

အဲ့ဒီလို အဖွဲ့တခုအနေနဲ့ အင်းစိန်ထောင်လို ရပ်ကျော်၊ရွာကျော်ကိစ္စမှာတော့လေး၊ငါးရက်လောက်ကြာတဲ့အထိ ရေငုံ နှုတ်ပိတ်တိတ်ဆိတ်နေတယ်ဆိုတာကလည်း စဉ်းစားစရာပါ။အင်းစိန်ထောင်ပေါက်ကွဲမှုဟာ အဲ့ဒီလို အဖြေထုတ်ရမယ့် ပဟေဠိတွေရှိနေသေးတယ်ဆိုပေမယ့်မြို့ပြပြောက် ကျားတွေအတွက် သင်ခန်းစာယူစရာ ဖြစ်ရပ်တခုအနေနဲ့လည်း ရှိခဲ့ပါတယ်။

အင်းစိန်ထောင်အဖြစ်လိုပဲ ဒီသီတင်းပတ်မှာ နွေဦးရပ်ဝန်းကို သင်ခန်းစာတွေချန်ထားခဲ့တဲ့နောက်ထပ်အဖြစ် တခု ကတော့ ကော့ကရိတ်တိုက်ပွဲပါ။မြို့သိမ်းတိုက်ပွဲလို့ နာမည်ကျော်ခဲ့တဲ့တိုက်ပွဲပေါ့။

တကယ်တော့ တောင်ပိုင်းဟာ မလိုလားအပ်တဲ့ ပွင့်လင်းမြင်သာမှုတွေအားကောင်းနေခဲ့တာကြာပြီ။ကော့ကရိတ် တိုက်ပွဲမှာ အဲ့ဒီအချက်ကို ထင်ထင်ရှားရှားထပ်တွေ့ကြရပြန်တယ်။မြေပြင်မှာတိုက်ပွဲက ပြင်းထန်နေဆဲ၊ လူမှု ကွန်ရက်မှာတော့ မြို့ကိုတောင်သိမ်းနိုင်ခဲ့ပြီ။တကျောင်း၊တဂါထာ၊တရွာ တပုဒ်ဆန်း ဆိုသလို တော်လှန်ရေးအဖွဲ့တွေ များလွန်းတဲ့ ဒေါနမြေမှာသတင်းစီးဆင်း မှုကို အခုထက်ပိုပြီး စနစ်ကျဖို့ ပြင်ဆင်စီမံသင့်ပါပြီ။အသက်တွေနဲ့လောင်းကြေးထပ်ကြရတာ မဟုတ်လား။

ကနဦး သတင်းတွေနဲ့ မြေပြင် အခြေအနေကွဲလွဲတာတွေရှိပေမယ့် တော်လှန်ရေးတပ်တွေ မြို့တွင်းအထိဝင် ရောက် စီးနင်းတိုက်ခိုက် နိုင်ခဲ့တာကတော့ နွေဦးရပ်ဝန်းအဖို့ ဒေါနသား တွေပေးတဲ့အားဆေးတခွက်ပါ။