ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာမယ့် အာဆင်နယ် မန်နေဂျာဟောင်း 

အာဆင်နယ် အသင်းရဲ့ မန်နေဂျာဟောင်း အူနိုင်း အမ်မရီဟာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေဆီ တကျော့ပြန် ခြေချလာတော့မှာ ဖြစ်ပါတယ်။ 

အက်စ်တန်ဗီလာ အသင်းက စပိန်ကလပ် ဗယ်လာရီးရဲလ်ကို လက်ရှိ ကိုင်တွယ်နေတဲ့ အမ်မရီကို မန်နေဂျာသစ်အဖြစ် ခန့်အပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ စပိန်သားဟာ ဗယ်လာရီးရဲလ်မှာ မပြီးပြတ်သေးတဲ့ ကိစ္စတချို့ကို လက်စသတ်ပြီးရင် နိုဝင်ဘာ ၁ ရက်ကစပြီး ဗီလာနဲ့ လာရောက် ပူးပေါင်းတော့မှာပါ။ 

ဗီလာဟာ အမ်မရီကို ခေါ်ယူနိုင်ဖို့အတွက် ဗယ်လာရီးရဲလ် အသင်းဆီ စာချုပ်လျော်ကြေး စတာလင်ပေါင် ၅.၂ သန်း ပေးအပ်ခဲ့ရပါတယ်။ ဒီရာသီမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားခဲ့တာကြောင့် မန်နေဂျာ စတီဗင်ဂျရတ်ကို ထုတ်ပယ်ခဲ့တဲ့နောက်ပိုင်း ယာယီမန်နေဂျာအဖြစ် တာဝန်ယူထားတဲ့ အေရွန်ဒန့်စ်ခ်က နယူးကာဆယ် ယူနိုက်တက်နဲ့ပွဲကို ဆက်လက် တာဝန်ယူထားပေးဦးမှာ ဖြစ်ပါတယ်။ 

ဒန့်ခ်ကိုင်တွယ်တဲ့ ပထမဆုံး ပွဲစဉ်မှာတော့ ဗီလာဟာ အံ့ဩစရာ ကောင်းလောက်အောင် ခြေစွမ်းပြပြီး ဘရန့်ဖို့ဒ် အသင်းကို လေးဂိုးပြတ် အနိုင်ယူပြထားပါတယ်။ ဗီလာက ဘောလုံးပွဲစဉ် ၉၀၀ ကျော်ကို ကြီးကြပ် ကိုင်တွယ်ဖူးသလို အာဆင်နယ်နဲ့အတူ ယူရိုပါလိဂ် ဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်းနိုင်ခဲ့ဖူးတဲ့ မန်နေဂျာ တစ်ယောက်ကို ခေါ်ယူ ခန့်အပ်နိုင်ခဲ့တဲ့အတွက် ကျေနပ် ဝမ်းမြောက်ကြောင်း ကြေညာခဲ့ပါတယ်။ 

ဗလန်စီယာ၊ ဆီဗီးလား၊ ပီအက်စ်ဂျီ အသင်းတွေကိုလည်း ကိုင်တွယ်ဖူးတဲ့ အမ်မရီဟာ ထူးခြားတဲ့ မှတ်မှတ်ထင်ထင် အောင်မြင်မှု တချို့ကိုလည်း ပိုင်ဆိုင်ဖူးပါတယ်။ ၂၀၁၇-၁၈ ဘောလုံးရာသီတုန်းက ပီအက်စ်ဂျီနဲ့အတူ ပြည်တွင်းပြိုင်ပွဲ ၄ ခုစလုံးမှာ အငြင်းပွားဖွယ်မရှိ ချန်ပီယံ ဖြစ်ခဲ့ဖူးသလို ဆီဗီးလား အသင်းမှာလည်း ယူရိုပါလိဂ်ကို ၃ ရာသီဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ သူဟာ လက်ရှိ ဗီလာရီးရဲလ် အသင်းအတွက်လည်း ယူရိုပါလိဂ် ဆုဖလားကို ရယူပေးနိုင်ခဲ့ပြန်တာကြောင့် ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ ဘုရင်လို့တောင် ညွှန်းဆို ခံခဲ့ရပါတယ်။ 

ဒါပေမဲ့ သူ့ရဲ့ အာဆင်နယ် မန်နေဂျာဘဝ နောက်ဆုံးအချိန်တွေကတော့ မလှပခဲ့ပါဘူး။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတုန်းက ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့နောက် အာဆင်နယ်ဟာ အမ်မရီကို မန်နေဂျာ အဖြစ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အာဆင်နယ် အတွက်တော့ ၇ ပွဲဆက် မနိုင်ဘူး ဆိုတာဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်း အဆိုးဆုံး မှတ်တမ်းလည်း ဖြစ်ခဲ့ပါတယ်။