တမူးမြို့ပေါ်ကနေအိမ်တအိမ်ကို ဓားပြတိုက်သူငါးဦး မြို့ခံဂေါ်ရခါးလူငယ်အဖွဲ့က ဖမ်းဆီး

Photo – CJ

တမူးမြို့၊ ဇမ္ဘူရတနာဘုန်းတော်ကြီးကျောင်းအနီးက နေအိမ်တအိမ်ကို စက်တင်ဘာ ၄ ရက် မနေ့ကညအချိန် ဓားပြဝင်တိုက်သူ ငါးဦးကို မြို့ခံဂေါ်ရခါးလူငယ်အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“တမူးမှာ ဓားပြမှုတွေက ခပ်စိပ်စိပ်ဖြစ်လာတော့ ဂေါ်ရခါးတွေကလည်း လူငယ်အဖွဲ့ဖွဲ့ထားပြီး ကင်းစောင့်ကြတာပေါ့၊ဘုန်းကြီးကျောင်းလမ်းထဲက ဂေါ်ရခါးအိမ်တစ်အိမ်ကို ဝင်တိုက်တာမှာ ဝိုင်းဖမ်းကြတာ၊ သေနတ်မပါဘူး၊ ဓားမနှစ်ချောင်းနဲ့ သံတုတ်တစ်ခုပါတာ ဓားပြတွေက” လို့ ဖြစ်စဉ်ကိုသိတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်ရာမှာ စုစုပေါင်း ခုနစ်ယောက်ဖြစ်ပေမယ့် နှစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါ တယ်။ ဂေါ်ရခါးလူငယ်အဖွဲ့က ဖမ်းမိသူတွေကို ရဲလက်အပ်လိုက်ပြီး ဓားပြတိုက်ခံရတဲ့ ပစ္စည်းတွေလည်း ပြန်ရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဓားပြအဖွဲ့နဲ့အတူ ဩဂုတ် ၃၀ ရက်နေ့ညက တမူးမြို့ ပဒေသာစားသောက်ဆိုင်အနီး အိမ်ဆိုင်ကို သေနတ်ပစ် ဖောက် ဓားပြတိုက်တုန်းက ပါသွားတဲ့ ဆိုင်ကယ်နှစ်စီးကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

တမူးမြို့မှာ ဓားပြတိုက်တာတွေကို ပျူစောထီးတွေက ကျူးလွန်နေကြတယ်လို့ မြို့ခံတွေက ယူဆပြီး အခုဖမ်းမိတဲ့ ဓားပြတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေ ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါဘူး။

“ပျူစောထီးတွေတော့ မဟုတ်လောက်ဘူးထင်တယ် ပျူတွေဆိုရင်တော့ သေနတ်ပါမှာ၊ ပစ်ထားခဲ့မှာပဲ၊ ကြားထဲမှာ ရောကြိတ်တဲ့ကောင်တွေဖြစ်မယ်” လို့ တမူးမြို့ခံတစ်ဦးက ဆိုပါတယ်။