အောင်လံမြို့က နှစ်ရှည်အရိပ်ရသစ်ပင်ကြီးတွေကို ခုတ်လဲရောင်းချတာ မြို့ခံတွေမလိုလား

Photo – CJ

မကွေးတိုင်း၊ အောင်လံမြို့နယ်နိမိတ်ထဲက ပြည်-မန္တလေးကားလမ်းပေါ်က အရိပ်ရနှစ်ရှည် သစ်ပင်ကြီး တွေကို ခုတ်လဲပြီး ပျဉ်ထိုးရောင်းချနေတဲ့အပေါ် မလိုလားပေမယ့် စည်ပင်အရာရှိညွှန်ကြားချက်နဲ့ လုပ် တယ်ဆိုတာကြောင့် မပြောရဲကြဘူးလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“မြို့ကအပူပိုင်းဒေသလည်းဖြစ်တော့ နွေ မိုးဆောင်း ဒီအပင်ကြီးတွေအောက်မှာပဲ ကလေးလူကြီးအားလုံး အား ကစားပဲလုပ်လုပ်၊ခရီးသွားလာရင်းနားခိုတာဖြစ်ဖြစ်၊ဈေးရောင်းဈေးဝယ်ကစ ဒီအရိပ်မှာပဲဆိုတော့ မခုတ်စေချင် လည်း ဘယ်သူ့သွားပြောမလည်း တာဝန်ရှိသူတွေလုပ်နေကြတာဆိုတော့လည်း ဒီတိုင်း ထိုင်ကြည့်နေရ တယ်” လို့ မြို့ခံတဦးဖြစ်တဲ့ ကိုမျိုးကြီးကပြောပါတယ်။

အခုလို ခုတ်လှဲရောင်းချနေတာဟာ မြို့နယ်စည်ပင်သာယာ အရာရှိညွှန်ကြားချက်အရလို့ မြို့ခံတွေကြား သိထားကြပေမယ့် ခုတ်လှဲရတဲ့အကြောင်းအရင်းကိုတော့ရှင်းရှင်းလင်းလင်း မသိကြရဘူးလို့ဆိုပါတယ်။

“လမ်းပြင်၊လမ်းချဲ့စီမံကိန်းရှိတာမျိုးမကြားမိဘူး အဲ့လိုမျိုးလုပ်မယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ လမ်းနယ် နမိတ်မလွတ်တဲ့ အပင်တွေကိုရွေးခုတ်တာမျိုးလည်းမဟုတ်ဘူး၊ သစ်ထွက်မယ်ထင်တဲ့အပင်ကြီးတွေပဲ ခုတ် လဲပြစ်နေတာ”လို့ အောင်လံမြို့ခံတဦးကပြောပါတယ်။
ပြည်-မန္တလေးကားလမ်းပေါ်က အရိပ်ရပင်တွေကိုခုတ်လှဲနေတာဟ ဩဂုတ်လလယ်ပိုင်းကတည်းက လက်ရှိ အချိန်အထိဖြစ်ပြီး အပင်ငါးဆယ်ဝန်းကျင်အထိ ခုတ်လှဲခဲ့ပြီးပြီလို့ သစ်ခုတ်လှဲရာမှာ ပါဝင်တဲ့ အလုပ်သမား တစ်ဦးကပြော ပါတယ်။

“ရတဲ့ထဲက ၇၀ရာခိုင်နှုန်း စည်ပင်လူကြီးကိုပေးရတာပေါ့၊၃၀ ရာခိုင်နှုန်းကအလုပ်သမားခယူ၊ လမ်းချဲ့ဖို့ ခုတ်ခိုင်း တာလို့ပြောခိုင်းတာပဲ၊ခုတ်လဲပျဉ်ထိုး သစ်ထွက်တိုင်းတာပေးပြီး သူတို့လွတ်ပေးတဲ့ကားပေါ် တင်ပေးရတာ ပင်စည် အကြီးပိုင်းတွေကို ရန်ကုန်ပို့တာလို့ကြားတယ် “လို့ သူကဆိုပါတယ်။

အဲ့ဒီအချက်ကို DNA အနေနဲ့ သီးခြားအတည်ပြုနိုင်တဲ့ အခြေအနေတော့မရှိပါဘူး။ မြို့နယ်စည်ပင်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာအခုနှစ် မေလထဲမှာလည်း လမ်းနယ် နမိတ်နဲ့မလွတ်လို့ဆိုပြီး ပြည်-အောင်လံ လမ်းပိုင်း လမ်းဘေး ဝဲယာကနေအိမ်တွေကိုဖြိုဖျက်တာ၊ သစ်ပင်ကြီးတွေကိုခုတ်လဲတာတွေလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်အထိ လမ်းပြင်လမ်းချဲ့စီမံကိန်း လုပ်တာတော့ မတွေ့ရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။