ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြည်သူထောင်ချီစစ်ဘေးရှောင်နေရ

Photo – လူမှုကွန်ရက်

ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူပေါင်းထောင်ချီ စစ်ရှောင်နေရတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။

“စစ်ကြောင်းက ဂန့်ဂေါကနေ ထိုးလာတာ။ စစ်ကြောင်းလာပြီဆိုတာနဲ့ စစ်ကြောင်းတစ်လျောက် လက်ပံ၊သာကောင်း၊ ရှည်းရှည် အစသဖြင့် ရှောင်နေကြရတယ်” လို့ ပြောပါတယ်။

ဂန့်ဂေါ်မြို့ ခလရ (၅၀) တပ်ကနေ အင်အား (၁၈၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ (၁) ရက်နေ့ မနက်ပိုင်းကစလို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လာပို့၊ မြင်းဇာ၊ ကျွဲနန်းရွာတလျောက် စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာ( ၄) ရက်နေ့ မှာ လက်ပံရွာမှာ နားခိုနေပြီး စစ်ကြောင်းတလျောက် ပြည်သူတွေကို ဖမ်းဆီးပြီး ပစ္စည်းသယ်ခိုင်းတာ၊ ထမင်းချက်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“မြင်းဇာရွာကသူတွေ ပါသွားတာ။ လွတ်သလား၊မလွတ်သေးဘူးလား မသိရသေးဘူး” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ်လ (၁၈) ရက်နေ့ကနေ (၂၉ ) ရက်အထိ ဂန့်ဂေါမြို့နယ် ၊ မြောက်ပိုင်းကနေ ဂန့်ဂေါမြို့အထိ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး စက်တင်ဘာလ (၁) ရက်နေ့မှာ ဂန့်ဂေါမြို့ပေါ်ကနေ မြို့နယ်မြောက်ပိုင်းကို ပြန်လှန်စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ သြဂုတ်လအတွင်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ရွာငါးရွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အခုတစ်ဖန် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ နှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာ ပုန်းရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းတလျောက် ပြည်သူတွေကို ဖမ်းဆီးဓားစာခံလုပ်တာ၊ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တတ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကို နားစွင့်ပြီး ရှောင်ရှားကြဖို့ ၊ ပစ္စည်းတွေကို လုံခြုံရာမှာ သိမ်းဆည်းထားကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေက နှိုးဆော်ထားပါတယ်။

စစ်ကောင်စီက စစ်ကြောင်းတဖန်ပြန်ထိုးလာတာကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။