ဇန်နဝါရီ၊ ၆
ဗုံးခိုကျင်းမတူးဖို့၊ စစ်ရှောင်ခြင်း မပြုလုပ်ဖို့ စစ်ကောင်စီက ဖိအားပေးတာကို ခံနေရတဲ့ ရေကြည်မြို့နယ်က ဒေသခံတွေဟာ စစ်ဖြစ်လာရင် လူသားဒိုင်းပြုလုပ်ခံရမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ကျတော့ လက်နက်ခဲယမ်းဖြည့်တင်းတာတွေ မိသားစုတွေက ပြောင်းရွေ့သွားတာတွေ လုပ်နေပြီး ကျွန်တော်တို့ကိုကျ မသွားနဲ့ဆိုတာက စစ်ဖြစ်လာတဲ့အခါ ကျွန်တော်တို့ကို လူသားဒိုင်းလုပ်ဖို့လို့ပဲ ထင်တယ်” လို့ ငါးသိုင်းချောင်းမြို့ရပ်မိရပ်ဖတဦးက DNA ကိုပြောပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာက အမြောက်တပ် အမတ (၃၄၄) အနီးက ကျေးရွာတွေမှာ တိုင်းမှူးအမိန့်ဆိုပြီး ကတုတ်ကျင်းမတူးရ၊ စစ်ဘေးမရှောင်ရလို့ သတိပေးတားမြစ်မှုတွေရှိနေတယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်မှာ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။
ဒီသတင်းဟာမှန်ကန်ပြီး လက်တွေ့မှာ အုပ်ချုပ်ရေးမှုးတချို့က အိမ်ကိုထားခဲ့ပြီး ပြောင်းရွေ့သွားရင် အိမ်ကိုချိတ်ပိတ်မှာဖြစ်ကာ ကတုတ်ကျင်းတူးထားတာတွေ့ရင် ဒဏ်ငွေရိုက်မယ်ဆိုတဲ့အကြောင်း အပိုင်းလိုက် ခေါ်ယူပြောဆိုနေတာတွေရှိတယ်လို့ ရေကြည်မြို့နယ်ဒေသခံတဦးက ဆိုပါတယ်။
စစ်ကောင်စီက အခုလို လုပ်ဆောင်နေတာဟာ တည်ငြိမ်အေးချမ်းမှုရှိတယ်ဆိုတာကို ပြသလိုတာဖြစ်နိုင်တယ်လို့လည်းသူက သုံးသပ်ပါတယ်။
“သူတို့က အဲ့လိုလုပ်လေ ကျွန်တော်တို့က ပိုစိုးရိမ်လေ ပိုကြောက်လေပဲ။ သူတို့က ပြည်သူကို ဘယ်တုန်းကမှကြည့်တာ မဟုတ်ဘူး “လို့ အထက်ပါဒေသခံကပြောပြပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ ရခိုင်ရိုးမနဲ့ နယ်နမိတ်ခြင်းထိစပ်နေတဲ့ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရွှေသောင်ယံတဲ့ ဧရာဝတီတိုင်းဒေသတွေမှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတာပါ။
“အခုက သူတို့ကိုယ်တိုင် စစ်ရေးစိုးရိမ်ချက်ကို မြင့်တက်အောင်လုပ်နေတာ။ ပေါ်တာတွေဆွဲတယ်။ အင်အားတွေဖြည့်တင်းတယ်။ ပတ်ကင်းလှည့်တယ်။ သေနတ်ပစ်ဖောက်တာတွေ လက်နက်ကြီးစမ်းတွေ လုပ်နေတာလေ”လို့ ငါးသိုင်းချောင်းက ရပ်မိရပ်ဖ ဖြစ်သူကပြောပါတယ်။
AAသိမ်းပိုက်ထားတဲ့ရခိုင်တောင်ပိုင်းအစွန်ဆုံးဂွမြို့နယ်နဲ့ ဧရာဝတီ တိုင်းငသိုင်းချောင်းမြို့က ၅၃မိုင်ဝန်းကျင်သာကွာဝေးတာဖြစ်ပါတယ်။
စစ်ကောင်စီလော်ဘီ လူမူကွန်ရက်စာမျက်နှာတွေမှာလည်း AAနဲ့မဟာမိတ်တပ်တွေထိုးစစ်က ရခိုင်နယ်စပ်ဧရာဝတီ ဒေသအချို့ကိုရောက်ရှိလာပြီလို့လည်း ရေးသားနေကြတာတွေ့ရပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်မှာလည်း စစ်တွေ၊ကျောက်ဖြူစတဲ့ မြို့တွေမှာပြည်သူတွေကို မြို့ပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားလို့ လူသားဒိုင်းပြုလုပ်ထားတယ်လို့ ဝေဖန်နေကြနေတာလည်းဖြစ်ပါတယ်။