စစ်အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှုမြင့်တက်နေတယ်လို့ အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေဟာ သိသိသာသာကျဆင်းသွားပြီး ၊ လူကုန်ကူးခံရနိုင်တဲ့ အန္တရာယ် မြင့်တက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အုပ်စုနဲ့ ဒီမိုကရေစီလိုလားတဲ့ PDFအဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်း ပဋိပက္ခတွေ မြင့်တက်ခဲ့ပြီး လူပေါင်းသိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးကြတဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ နိုင်ငံ‌ရေး အတိုက်အခံ အများစုဟာ ဒီလိုအခြေအနေမှာ လူကုန်ကူးခံရမယ့် အန္တရာယ်ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုရဲ့ အကျိုးသက်ရောက်မှု အပါအဝင် မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် အနိမ့်ဆုံး အဆင့် သတ်မှတ်ချက် ပြည့်မီအောင် မဆောင်ရွက်နိုင်ဘူးလို့လည်း ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးရွားဆုံး အဆင့် ၃ အဖြစ် ဆက်လက် သတ်မှတ်လိုက်တာကြောင့် မြန်မာနိုင်ငံဟာ အနိမ့်ဆုံးအဆင့် သတ်မှတ်ခံရတာ အခုဆိုရင် ၅ နှစ် ဆက်တိုက် ရှိသွားပြီလို့ သိရပါတယ်။