ကလေးမြို့ CDM အင်ဂျင်နီယာ တဦးကို စစ်တပ်ကဖမ်းဆီး

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ၊ ဦးသူရကျော်ကို ဇူလိူင်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ကလေးမြို့ ဒေသကွတ်ကဲရေး စစ်ဌာနချုပ်(ဒ.က.စ)က လာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
စစ်ကောင်စီမီဒီယာတစ်ခုဖြစ်တဲ့ Fifty Two က ဦးသူရကျော်ဟာ လူမူကွန်ယက်မှာ မဟုတ်မမှန် သတင်းဖြန့်ဝေတဲ့အတွက်ဖမ်းဆီးတယ်လို့ ဖော်ပြထားပေမယ့် ဒီကိစ္စအတွက် ဖမ်းတာမဖြစ်နိုင်ဘူးလို့ သူနဲ့နီးစပ်သူတွေကဆိုပါတယ်။
ဦးကျော်သူရဟာ စစ်တပ်ကအာဏာသိမ်းကတည်းက CDM ပြုလုပ်ခဲ့တဲ့ အင်ဂျင်နီယာတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
“သူက ကျေးလက်ဖွဲ့ဖြိုးရေးဌာနက CDM လုပ်ထားတဲ့ အင်ဂျင်နီယာပါ။ သူတင်ထားတာလို့ စွပ်စွဲထားတာတွေက ၂၀၂၁ ခုနှစ်ကဟာတွေဗျာ။ ခုနောက်ပိုင်း သူဘာမှတင်တာမဟုတ်ဘူး။ ၂၀၂၁ တုန်းက သူတင်ထားတာတွေကိုတောင် Screenshot ရိုက်ထားတာဆိုတော့ ဖမ်းဖို့ အစီအစဥ်ရှိပြီး ဖြစ်မှာပါ” လို့ ဦးကျော်သူရနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးကဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးကျော်သူရကို ဒ.က.စ ထဲမှာ ချုပ်နှောင်စစ်ဆေးနေတယ်လို့ ယူဆရပြီး မိသားစုနှင့် အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။