တမူးမြို့၊ နန်းဖာလုံရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

အိန္ဒိယ – မြန်မာနယ်စပ်၊တမူးမြို့မှာ ဇူလိုင် ၈ ရက်က အသက် ၅၀ အရွယ် ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးအောင်ဆွေ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၈ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်က နန်းဖာလုံရပ်ကွက်က ရာအိမ်မှူးဦးအောင်ဆွေဟာ နေအိမ်မှာရှိနေစဥ် အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်သွားတာလို့ဒေသခံတွေက ပြောပါတယ်။
“မနေ့ညက ၁၁ နာရီလောက်မှာ လာပစ်သွားတာလို့ပြောတယ်။ ဘယ်အဖွဲ့ကဘယ်သူတွေပစ်သွားတာလဲတော့မသိဘူး” လို့ တမူးမြို့ခံတစ်ဦးက DNA ကို ပြောပါတယ်။
လက်ရှိအချိန်အထိတော့ ဘယ်အဖွဲ့က အခုလိုလာရောက်ပစ်ခတ်သွားတယ်ဆိုတာမျိုး ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
နန်းဖာလုံရပ်ကွက်ဟာ တမူးမြို့ရဲ့မြောက်ဖက်မှာရှိပြီး အိန္ဒိယနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရပ်ကွက်တစ်ခုလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘက် တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် အလောင်းပြန်မရလို့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။