စစ်တပ်က ရွာသားတွေကို အဓမ္မခိုင်းစေပြီး ခွီးမွာလ်ရွာမှာ ယာယီစခန်းတည်ဆောက်နေ

Photo- CJ
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ထဲက ကလေး-ဖလမ်းကားလမ်းဘေးမှာ ရှိတဲ့ ခွီးမွာလ်ရွာမှာ အကြမ်းဖက်စစ်တပ်က ယာယီစခန်းဆောက်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
စခန်းဆောက်ရာမှာ ရွာသူရွာသားတွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ ၊ ရွာထဲက ကြက်၊ဝက်၊ဆိတ်တွေကို အဖိုးအခ မပေးပဲ လုယူသတ်စားတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
“ရောက်တဲ့နေရာမှာ သူတို့ကဒီလိုလုပ်နေကျပဲဗျ။ သူတို့ယာယီစခန်းဆောက်တာက လမ်းခွဲနားမှာ။ အရင်က CNDF တွေဂိတ်လုပ်ပြီး စစ်ဆေးတဲ့နေရာပေါ့။ နယ်မြေစိုးမိုးရေးအတွက် လုပ်တာပေါ့ ” လို့ ဖလမ်းမြို့မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ခွီးမွာလ်ရွာမှ ယာယီစခန်းဆောက်နေတဲ့တပ်ခွဲဟာ ကလေးမြို့ကနေ ဇွန်လ ၂၉ ရက်နေ့က တက်သွားတဲ့ စစ်ကြောင်းဖြစ်ပြီး ကျန်တဲ့စစ်ကောင်စီတပ်တွေက ဇူလိူင်လ ၇ ရက်နေ့ မနက်မှာ ဖလမ်းကနေ ဟားခါးကို ထွက်သွားကြတယ်လို့သိရပါတယ်။
ခွီးမွာလ်ရွာဟာ ဖလမ်းမြို့နဲ့ မိုင်သုံးဆိုင်ကျော် ကွာဝေးပါတယ်။