ဖလမ်းမြို့မှာရဲတပ်သား တစ်ဦး ပစ်သတ်ခံရ

ချင်းပြည်နယ် ဖလမ်းမြို့ရဲစခန်းက ရဲတပ်သား တစ်ဦး အောက်တိုဘာ (၁၁) ရက် ညဆယ်နာရီ ဝန်းကျင်က ဖလမ်းစျေးနားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လို့​သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

” အခြေအနေငြိမ်နေတာက နည်းနည်း တောင်ကြာ သွားပြီ၊ ညပိုင်းမြို့ထဲမှာလူပ်ရှားမှုတချို့ရှိတာ တစ်ရက်နှစ်ရှိပြီလို့ သတိထားမိတဲ့သူတွေ ကပြောကြတာတော့ရှိတယ်၊ ညကသေနတ်သံကြားပြီးတော့ မနက်မှ ရဲတစ်ယောက်သေတာ သိရတာ” လို့ဖလမ်းမြို့ခံတစ်ဦးကပြောပါတယ်။

သေဆုံးတဲ့ရဲတပ်သားဟာ ဖလမ်းရဲစခန်းက ယာဉ်မောင်း ရဲတပ်သား ဒါးလ်ခတ်ခိုင်( Dal Kat Khai )ဆိုသူဖြစ်ပြီး ဘယ်အဖွဲ့ကပစ်ခတ် တယ်ဆို တာမသိရသေးသလို ဒေသခံတော်လှန်ရေး အဖွဲ့တွေက ထုတ်ပြန်ချက်ထုတ်ပြန်တာမျိုးမရှိ သေးပါဘူး။

“မြို့ကလည်းအခြေအနေအေးနေတာကြာတော့သူလည်းထင်မှာမဟုတ်ဘူး၊အမှန်ကတော့ဒီအချိန်ဟာ မြို့ကဘယ်သူမှအပြင်မထွက်ဘူး” လို့ မြို့ခံတစ်ဦး ကဆိုပါတယ်။

သေဆုံးခဲ့တဲ့ရဲတပ်သားဟာ ညပိုင်းမှာ စခန်းကနေ အိမ်ပြန်လာချိန်မှာ ပစ်သတ်ခြင်းခံရတာလို့ ဒေသခံ တွေဆီကသိရပါတယ်။