ရဲနဲ့စစ်သား ၁၀ဦး ပြည်သူ့ထံ အလင်းဝင်

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်းမှ တပ်သားတစ်ဦး၊ သီးဘွာလ်တပ်စခန်းမှ တပ်ကြပ်ကြီးတစ်ဦးနဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးတို့ဟာ လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်ကာ ပြည်သူ့ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့ထံ အလင်းဝင်ရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ တပ်မတော်သားတွေကို CNO/CNDFက ဆုငွေတွေ ချီးမြှင့်ခဲ့ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်း ပြည်သူ့ရဲတပ်ဖွဲ့ဝင် ၈ဦးနဲ့ တပ်မတော်သား ၂ဦး စုစုပေါင်း ၁၀ဦးအထိ CNDFကနေ တဆင့် အလင်းဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ကနေ ရုန်းထွက်ပြီး နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် အလင်းဝင်ရောက်ဖို့ CNO/CNDFက တိုက်တွန်းထားပါတယ်။