မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင် ရာထူးတိုး ခန့်အပ်ခြင်းခံရ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ အစိုးရထိပ်တန်းအဖွဲ့မှာ ညီမဖြစ်သူ ကင်ယိုဂျောင်ကို ရာထူးတိုး ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဒီကနေ့မှာ ဖော်ပြပါတယ်။

ကင်ယိုဂျောင်ဟာ အခုအခါမှာ နိုင်ငံရဲ့ ထိပ်တန်းအဖွဲ့ဖြစ်တဲ့ (SAC) ကော်မရှင်အဖွဲ့မှာ ရာထူးကြီး အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပြီး အရေးပါတဲ့ နိုင်ငံ့အရေးတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ ထိပ်တန်းအဖွဲ့ဖြစ်တဲ့ (SAC) ကော်မရှင်အဖွဲ့မှာ အဖွဲ့ဝင် ၉ ဦးကို ထုတ်ပယ်လိုက်ပြီးနောက် အသစ်ပြန်ဖွဲ့လိုက်တဲ့ အဖွဲ့သစ်မှာ ကင်ယိုဂျောင်က အခုလို ရာထူးတိုးခန့်အပ်ခြင်း ခံခဲ့ရတာပဲဖြစ်ပါတယ်။ 

ကင်ယိုဂျောင်ဟာ အစောပိုင်းကတည်းက အစ်ကိုဖြစ်သူ ကင်ဂျုံအမ်အတွက် အားကိုးရတဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ခဲ့ပြီး အကြံပေးတစ်ဦးအနေနဲ့ ရှိခဲ့တာပါ။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၊ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် စတဲ့ သူတို့နဲ့ တွေ့ဆုံမှုတွေမှာလည်း အရေးပါတဲ့ နေရာက ပါဝင်လိုက်ပါနိုင်ခဲ့သူဖြစ်ပါတယ်။

ကင်ဂျုံအမ်အလွန်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ်တောင် ဟောကိန်းအထုတ်ခံရတဲ့အထိ ကင်ယိုဂျောင်က ကျော်ကြားခဲ့တာဖြစ်ပြီး အစ်ကိုဖြစ်သူထက် လက်စောင်းပိုထက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။