ဇောက်ထိုးဆင်းနေတဲ့ငွေ တိုင်းပြည်ကို မအုပ်ချုပ်နိုင်ကြောင်း ဖော်ပြနေ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာကျပ်ငွေတန်ဖိုးဇောက်ထိုးဆင်းနေတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ တိုင်းပြည်ကိုစီမံခန့်ခွဲနိုင်စွမ်းမရှိတာ ပေါ်လွင်စေကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့ကဆိုပါတယ်။

စစ်အုပ်စု အာဏာမသိမ်းမီက ရှေ့သို့ချီလာပြီဖြစ်တဲ့ တိုင်းပြည်စီးပွားရေးဟာ အာဏာသိမ်းကာလ ၈လမပြည့် မီ မှာ ကျပ်ငွေတန်ဖိုးခေါက်ချိုးကျဆင်းသွားခဲ့ပြီး အလုပ်လက်မဲ့ဦးရေ သိသိသာသာများပြားလာတာဟာ အကြမ်း ဖက်စစ်ခေါင်းဆောင်တွေရဲ့ အကြီးအကျယ်ညံ့ဖျင်းမှုကြောင့်ဖြစ်တယ်လို့ ဆောက်လုပ်ငန်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ငွေကြေးဖောင်းပွမှု သိသိသာသာမြင့်တက်ခဲ့တာကြောင့် အလုပ်လုပ်သူတိုင်းနီးပါး အရှုံးနဲ့ရင်ဆိုင်နေကြရတယ်လို့လည်းသူကပြောပါတယ်။

 အလုပ်လုပ်သူတိုင်းအမြတ်အစွန်းရတဲ့အခြေအနေကနေ အလုပ်လုပ်သူတိုင်းရှုံးတဲ့အခြေအနေသို့ ရောက်အောင်အာဏာသိမ်းစစ်အုပ်စုကဆွဲချလိုက်တာလို့လည်း သူကဆက်ပြောပါတယ်။

ရန်ကုန်အခြေစိုက် အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးကလည်း စစ်အုပ်စုရဲ့ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုကြောင့် သိန်း၁၀၀ပိုင်ဆိုင်တဲ့ပြည်သူရဲ့ငွေဟာ အာဏာသိမ်းကာလ၈လမပြည့်ခင်မှာ သိန်း၅၀သာ ရှိတော့တယ်လို့ ဆိုပါတယ်။

‘ဘာမှမလုပ်ဘဲ အိမ်မှာငုတ်တုတ်ထိုင်နေတဲ့ပြည်သူရဲ့ပိုင်ဆိုင်မှုဟာ ဘာမှမစားရမသောက်ရ မသုံးစွဲရဘဲ တစ် ဝက်ကျော်အလိုလို  ပျောက်ဆုံးသွာတာ မင်းအောင်လှိုင်ရဲ့ အရည်အချင်းပါပဲ’လို့ သူကပြောပါတယ်။

စက်တင်ဘာနောက်ဆုံးပတ်ကနေစလို့ မြန်မာကျပ်ငွေတန်ဖိုးဟာ ဆက်တိုက်ကျဆင်းခဲ့ပြီး ဒီနေ့ရဲ့ အမေရိကန် တစ်ဒေါ်လာပေါက်စျေးမှာ ၂၃၅၀နဲ့အထက်ရှိလာပါတယ်။ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းရဲ့ ဒီနေ့ ညနေပိုင်း အကယ်ဒမီရွှေစျေး မှာ သိန်းနှစ်ဆယ်နဲ့နှစ်သောင်း ဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက်ငွေကြေးစျေးကွက်ကျွမ်းကျင်သူတစ်ဦးက ကျပ်ငွေတန်ဖိုးပြိုဆင်းလာတာဟာ အခုမှ အစသာ ရှိ သေးပြီး ဒါ့ထက်ပိုဆိုးရွားလာနိုင်သေးတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာတွေကို စျေးကွက်ထဲထုတ်ရောင်းနေပေမဲ့ စစ်အုပ်စုနဲ့နီးစပ်တဲ့သူတွေသာ ဝယ်ခွင့်ရနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။