ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရပြန်

Photo – Getty Images

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ငွေလှူတယ်ဆိုပြီး စစ်ကောင်စီက စွဲချက်တင်ထားတဲ့ အမှုအတွက် နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပါတယ်။

နေပြည်တော် အချုပ်ထောင်၊ အထူးတရားရုံးက ဒီကနေ့ အောက်တိုဘာ(၁၂) ရက် ရုံးချိန်းမှာ အပြီး သတ် အမိန့်ချမှတ်လိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

“အမှုက နှစ်ခုဆိုတော့ တစ်မှုကို သုံးနှစ်စီချတယ်၊တရားရုံးက အမှု နှစ်ခုလုံးကို တစ်ပေါင်းတည်းလို့ ချတာဖြစ်လို့ သုံးနှစ် ဖြစ်သွားတာပေါ့ဗျာ”လို့ တရားရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။

အမှုနဲ့ပတ်သက်​ပြီး အခုလ(၄) ရက်နေ့ကရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က အပြီးသတ်လျှောက်လဲချက်ပေးရာမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်က သူ့သဘောနဲ့သူ လှူတာဖြစ်ပြီး အဲဒီငွေတွေကိုလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ပေးလိုက်တာဖြစ်လို့ အပြစ်မရှိ​ ကြောင်း လျှောက်လဲခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူခဲ့တာသာဖြစ်တယ်လို့ ဦးမောင်ဝိတ်ကိုယ်တိုင်ကလည်း တရားရုံး မှာ ထွက်ဆိုခဲ့ပေမယ့် စစ်ကောင်စီတရားရုံးက အခုလိုထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်က အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လှူတယ်ဆိုတဲ့ ကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ပုဒ်မတွေနဲ့တရားစွဲဆိုထားတဲ့အမှု ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သတ်လို့ ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၃) ရက်နေ့ကတည်းက ချေဖျက်ခွင့်တင်ခဲ့ရာမှာလည်း ပယ်ချခံရပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စွဲဆိုခံထားရတဲ့ အမှုတွေထဲက စစ်ဆေးပြီး အမှုတွေအတွက် စုစုပေါင်း ထောင်ဒဏ် (၂၃)နှစ်ထိ ချမှတ်ခံထားရတာဖြစ်လို့ ဒီကနေ့ ချမှတ်လိုက်တဲ့ ထောင်ဒဏ်သုံးနှစ်နဲ့ဆိုရင် စုစုပေါင်းထောင်ဒဏ် (၂၆) နှစ်ရှိပြီ ဖြစ်ပါတယ်။ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ထပ်အမှုငါးမှုအတွက်လည်း ဆက်လက်တရားရင်ဆိုင်နေရပါတယ်။