ကလေးမြို့၊ စန်းမြို့ရပ်ကွက်မှာ စစ်အုပ်စုနဲ့ CNDF တို့အကြား တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဒီနေ့ ဇွန် ၁၈ ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး သေနတ်သံနဲ့ လက်နက်ကြီးသံကြားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ ဒီမနက် တာဟန်းဘောလုံးကွင်းကို အင်အားအများအပြားနဲ့ ရောက်လာပြီး အခုလိုပစ်ခတ်ကြတာလို့ ဆိုပါတယ်။
“တာဟန်းနဲ့တဆက်တည်းပေါ့ စန်းမြို့ရပ်ကွက် စတောင်ဘော်လုံးကွင်းမှာ အင်အားတစ်ရာလောက်ခွေးတွေ ရှိတယ်ဗျ။ လက်နက်ကြီးတွေနဲ့လည်း တာဟန်းဘက်၊ စက္ကန့်ဘက်ကိုချိန်ထားတယ်နော” လို့ စန်းမြို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ စက္ကန့်ရွာဟာ မနေ့ကမီးရှို့ခံရတဲ့ သုံးအိမ်စုနဲ့ ဇီးချောင်းသာ ခြားပါတယ်။
နောက်ဆက်တွဲသတင်းအရ စန်းမြို့ရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုကို CNDF နဲ့ PDF တို့က ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး စစ်အုပ်စုဘက်က ၂ဦးကျဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။