ကလေးမြို့မြောက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးပစ်ခတ်လို့ ဒေသခံငါးသောင်းဝန်းကျင်စစ်ရှောင်နေရ

ဧပြီ၊ ၂

ကလေးမြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကစလို့ စစ်ကောင်စီတပ်တွေ ကုန်းကြောင်းကနေစစ်ကြောင်းထိုးပစ်ခတ်တာတွေအပြင် လေကြောင်းပစ်ခတ်မှုတွေပါလုပ်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံ ငါးသောင်းဝန်းကျင်ရှိလာပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကြောင်းစထိုးတဲ့ မတ်လ ၃၁ ရက်မှာတော့ ကလေးမြို့မြောက်ပိုင်းက မောက်လင်း၊ လက်ပံချောင်းက ဒေသခံတွေစစ်ဘေးရှောင်ရသလို မတ်လ ၃၁ ရက်မှာတော့ ပျဉ်တောင်ဦးကျေးရွာကဒေသခံတွေထပ်ပြီးထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ ဧပြီလ ၂ ရက်မှာဆိုရင်လည်း ကလေးမြို့နယ်မြောက်ပိုင်းက ညောင်ကုန်းရွာနဲ့မင်းလှရွာကြားကို စစ်ကောင်စီက လေကြောင်းကနေထပ်မံပစ်ခတ်ခဲ့တာကြောင့်အိမ်စောင့်ကျန်ခဲ့တဲ့ ရွာသားတွေပါထပ်မံစစ်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

‘’ဒီကနေ့ထပ်ရှောင်ရတာ ရွာတွေမှာ အိမ်စောင့်ကျန်ခဲ့တဲ့သူတွေ၊ လက်နက်ကြီးရော လေကြောင်းရောဆိုတော့ အိမ်စောင့်တွေပါ အားလုံးရှောင်ရတော့တာ။ ဆိုင်ကယ်တွေတန်းစီးလို့ ကလေးဘက်ကိုပြေးတဲ့လူကပြေး၊ တောထဲပြေးတဲ့လူကပြေးရတာ’’ လို့ ကလေးမြို့မြောက်ပိုင်းကဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်သူတွေဟာ ယာယီတဲတွေဆောက်လုပ်နေထိုင်ကြသလို အဲဒီလူတွေကိုတော့ ချင်းလူမျိုးစစ်ဘေးရှောင်အကူအညီပေးရေးအဖွဲ့တွေနဲ့ နီးစပ်ရာဒေသခံတွေကကူညီနေပေးနေကြတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။

‘’နီးစပ်ရာကတော့ ကျွေးကြမွေးကြတာပါပဲ။ အသိုင်းအဝိုင်းလည်းမရှိပြေးစရာလည်းမရှိတဲ့လူတွေဆို အရင်တုန်းကမပြေးကြဘူး။ တရွာမှာ တအိမ်နှစ်အိမ်တော့ကျန်တာပဲ။ အခုတော့ တယောက်မှမကျန်ဘူး။

သင်ခန်းစာတွေလည်းရခဲ့ပြီလေ။ ကျွန်တော်တို့ရွာက အစိမ်းထောက်ခံတဲ့မိသားစုပြီးခဲ့တဲ့နှစ်က စစ်ကြောင်းဝင်တော့မပြေးဘဲနေခဲ့တာ သူတို့အိမ်ထဲဝင် နရင်းတွေရိုက်တယ်၊ကန်ပြီး စပါးရောင်းတဲ့ သိန်း၉၀ ပါယူသွားရော’’ လို့ စစ်ရှောင်နေတဲ့ ကလေးမြို့မြောက်ပိုင်းကဒေသခံက ဆိုပါတယ်။

တဖက်မှာလည်း ကလေးမြို့မြောက်ပိုင်းမှာ မတ်လ ၃၀ ရက်ကနေ အခုဧပြီ ၂ရက်တွေမှာစစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလိုရှိနေပြီး စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုတွေများတာကြောင့် ကလေးမြို့ကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တာတွေ

လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ကုန်းကြောင်း၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးမြို့မြောက်ပိုင်းလက်ပံချောင်း၊ မြောက်ချော ၊ချင်းစု ၊ပျဥ်းတောဦး ၊ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ပြည်တော်သာ၊ရာဇဂြိုဟ်၊ဆည်ကြီး အစရှိတဲ့ကျေးရွာတွေက ဒေသခံငါးသောင်းဝန်းကျင်ဟာ နီးစပ်ရာတောတောင်တွေနဲ့ကလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။