ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်ပခရီးသွားအတွက် ကွာရန်တင်းကန့်သတ်ချက် တောင်ကိုရီးယား ရုတ်သိမ်း

Photo – Reuters

ဇွန်လ ၈ ရက်ကစတင်ပြီး ကာကွယ်ဆေးမထိုးထားတဲ့ ပြည်ပကနေ ရောက်ရှိလာသူတွေကို သီးသန့်ခွဲထားဖို့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းမယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ်က ဇွန်လ ၃ရက်မှာ ပြောပါတယ်။

ဒါပေမယ့် အစိုးရက စစ်ဆေးမှုရလဒ်လိုအပ်ချက်အနေနဲ့ ခရီးဆိုက်ရောက်ရှိပြီး ၇၂ နာရီအတွင်း PCRစမ်းသပ်မှုတွေကို ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကာကွယ်ဆေးမထိုးရသေးတဲ့နိုင်ငံခြားသားတွေကို အခုအချိန်အထိ ၇ရက်ကြာ သီးသန့်ခွဲထားရမယ့်တာဝန်ရှိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ဇွန်လ ၈ ရက်ကစပြီး ဖျက်သိမ်းသွားမှာပါ” လို့ ဝန်ကြီးချုပ် Han Duck-soo က ကပ်ရောဂါတုံ့ပြန်ရေးအစည်းအဝေးမှာ ပြောပါတယ်။

လေယာဉ်အစီးရေ နဲ့ ပျံသန်းချိန်အပေါ် ကန့်သတ်ချက်တွေကြောင့် လက်မှတ်ပြတ်လပ်တာ၊ ဈေးနှုန်းမြင့်တက်တာစတဲ့ အဆင်မပြေတာတွေဖြစ်လာတာပါ။ ပျံသန်းမှုတွေ အချိန်မီ လည်ပတ်နိုင်စေဖို့ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ချမှတ်ထားတဲ့  လေကြောင်း စည်းမျဉ်းတွေကို ရုတ်သိမ်းသွားမယ်လို့ သိရပါတယ်။

နိုင်ငံရပ်ခြားကနေ ကူးစက်ခံရသူ ၃၅ ဦး အပါအဝင် ရောဂါကူးစက်မှု ၁၂,၅၄၂ ဦးအတည်ပြုနိုင်ခဲ့တယ်လို့ ကိုရီးယားရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအေဂျင်စီက သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။