တောင်ကိုရီးယားနယ်စပ်အနီးကနေ ကိုဗစ်စတင်ပြန့်ပွားခဲ့တာလို့ မြောက်ကိုရီးယားပြော

Photo – Reuters

တောင်ကိုရီးယားနဲ့ နယ်စပ်အနီးမှာရှိတဲ့ နိုင်ငံရပ်ခြားပစ္စည်းတွေကို ထိတွေ့မိတဲ့လူနာတွေကနေ နိုင်ငံတွင်းမှာ ပထမဆုံး ကိုဗစ်ရောဂါဖြစ်ပွားမှု စတင်ခဲ့တာလို့ မြောက်ကိုရီးယားက ဇူလိုင် ၁ရက်နေ့မှာ အခိုင်အမာပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား နယ်နိမိတ်တစ်လျှောက်မှာရှိတဲ့နယ်မြေတွေမှာ  မိုးပျံပူဖောင်းတွေ ၊ လေထဲကတစ်ဆင့်ရောက်တာတဲ့ နိုင်ငံရပ်ခြားပစ္စည်းတွေကို သတိထားကိုင်တွယ်ဖို့ ပြည်သူတွေကို သတိပေးထားတယ်လို့  မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KCNA သတင်းဌာနအနေနဲ့ တောင်ကိုရီးယားလို့ တိုက်ရိုက်ဖော်ပြထားတာ မရှိပေမယ့် မြောက်ကိုရီးယားကနေထွက်ပြေးလာသူတွေနဲ့  တက်ကြွလှုပ်ရှားသူတွေဟာ တောင်ကိုရီးယားဘက်ကနေ လက်ကမ်းစာစောင်တွေ ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထည့်ကာ မိုးပျံပူဖောင်းတွေလွှတ်တင်ခဲ့ကြတာ ဆယ်စုနှစ်ချီရှိခဲ့တယ်လို့ ဆိုထားပါတယ်။

နယ်စပ်ဖြတ်ပြီး ပို့လိုက်တဲ့ လက်ကမ်းစာစောင်ကနေ မြောက်ကိုရီယားဆီကို ကိုဗစ်ရောဂါ ကူးစက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တောင်ကိုရီးယားဘက်က ပြန်လည်တုံပြန်ခဲ့ပါတယ်။ 

“သိပ္ပံနည်းကျ ပြောရရင် ကိုဗစ်ဗိုင်းရပ်စ် ဟာ အရာဝတ္ထုတွေ ကတစ်ဆင့် ပြန့်ပွားနိုင်ခြေ အတော်လေး နည်းတာကြောင့် မြောက်ကိုရီးယားရဲ့ ပြောဆိုချက်ကို ယုံဖို့ ခက်ပါတယ်” ဟု ဆိုးလ်မြို့အခြေစိုက် မြောက်ကိုရီးယား လေ့လာရေး တက္ကသိုလ်မှ ပါမောက္ခ Yang Moo-jin က ပြောပါတယ်။