မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းမှာ Lockdown ကြေညာထား

အသက်ရှူ လမ်းကြောင်းနဲ့ ဆက်စပ်တဲ့ ဖျားနာမှု ဝေဒနာတစ်မျိုး ခြိမ်းခြောက်လာတာကြောင့် မြောက်ကိုရီးယားဟာ မြို့တော် ပြုံယမ်းမှာ Lockdown အမိန့် ကြေညာထားကြောင်း သိရပါတယ်။

 ဇန်နဝါရီ ၂၅ ရက်ကစလို့ ပြုံယမ်း မြို့ခံတွေကို အခုသီတင်းပတ်ကုန်ထိ ၅ ရက်ကြာ အိမ်အပြင် မထွက်ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ကြောင်း တောင်ကိုရီးယား အခြေစိုက် မြောက်ကိုရီးယား အထူးပြု မီဒီယာ တစ်ခုက ဖော်ပြလာခဲ့ပါတယ်။

 NK သတင်းဌာနရဲ့ အဆိုအရ ဒါဟာ ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လမှာ ကိုဗစ် ကပ်ရောဂါဆိုးအပေါ် အနိုင်ယူ ကျော်လွှားနိုင်ခဲ့ပြီလို့ မြောက်ကိုရီးယား အစိုးရက ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တစ်မြို့လုံး အတိုင်းအတာနဲ့ Lockdownချတာလို့ သိရပါတယ်။

 မြောက်ကိုရီးယား အစိုးရရဲ့ Lockdown ထုတ်ပြန်ချက်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေလို့ သုံးနှုန်းမထားပေမယ့် သာမန် အအေးမိ ဖျားနာခြင်းနဲ့အတူ အဲဒီ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဟာ မြို့တော်ထဲမှာ စတင် ပျံ့နှံ့နေပြီလို့ ရည်ညွှန်းထားပါတယ်။

 ပြုံယမ်းမှာ Lockdown ချထားတာ သေချာပေမယ့် နိုင်ငံရဲ့ တခြား အစိတ်အပိုင်းတွေမှာလည်း အလားတူ သတ်မှတ်တာမျိုး ရှိမရှိ ဆိုတာကို NK သတင်းဌာနက သီးခြား အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေကလည်း အခုကိစ္စအပေါ် ဘာမှ မထုတ်ပြန်သေးပါဘူး။

 နိုင်ငံတကာ ကျန်းမာရေး ပညာရှင် တော်တော်များများက ပြုံယမ်းဟာ နောက်တစ်ကြိမ် ကိုဗစ် ကူးစက်မှုတွေ ခေါင်းထောင်ထလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ သတင်းလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားပြီး အထီးကျန် ရပ်တည်နေတာကြောင့် ပြည်တွင်းက အခြေအနေတွေကို တိတိကျကျ သိနိုင်ဖို့ ခက်ခဲနေဆဲပါ။

 လောလောဆယ်မှာ ကိုရီးယား ကျွန်းဆွယ်ဟာ ဆာဘီးယား အအေးလှိုင်း ရိုက်ခတ်မှုကြောင့် ရာသီဥတု အရမ်းအေးမြတဲ့ အခြေအနေ ကြုံနေပြီး ပြုံယမ်းမှာ အပူချိန် အနုတ် ၂၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ ရောက်ရှိနေပါတယ်။ အဲဒီ ရာသီဥတုမျိုးဟာ ကိုဗစ် အပါအဝင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပျံ့နှံ့မှုကို ပိုပြီး တွန်းအား ဖြစ်လာစေနိုင်ပါတယ်။

 မြောက်ကိုရီးယားဟာ ကပ်ရောဂါ ကူးစက်မှုတွေ စတင်လာချိန် ကတည်းက နိုင်ငံရဲ့ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခဲ့ပေမယ့် တရုတ်နဲ့ ကုန်သွယ်မှု တချို့ကိုတော့ အကန့်အသတ်နဲ့ ခွင့်ပြုထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် မေလမှာ မြောက်ကိုရီးယားက ပထမဆုံး ပြည်တွင်း ကိုဗစ်ကူးစက်မှုတွေ တွေ့ရှိကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပြီး နောက်ထပ် ၃ လ အကြာမှာ ကပ်ရောဂါဆိုးကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပြီလို့ ကြေညာပါတယ်။ ဒါပေမဲ့ အဲဒီ ကြေညာချက်ဟာ အပြော စောသွားပုံ ရတယ်လို့ သုတေသီတွေက သုံးသပ်ပါတယ်။

 ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အပါအဝင် နိုင်ငံတကာ ကျန်းမာရေး စောင့်ကြည့် လေ့လာသူတွေက မြောက်ကိုရီးယား ထုတ်ပြန်တဲ့ ကိုဗစ်ရောဂါဆိုင်ရာ ကိန်းဂဏန်းတွေရော၊ ကပ်ရောဂါကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ခဲ့တယ်ဆိုတဲ့ အဆိုကိုပါ စဉ်ဆက်မပြတ် သံသယ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

 မြောက်ကိုရီးယားမှာ ဆေးဝါးနဲ့ စက်ကိရိယာ မပြည့်မစုံ တပ်ဆင်ထားတဲ့ ဆေးရုံ အများစုကို အားကိုးနေရတဲ့ ကမ္ဘာ့အညံ့ဆုံး စာရင်းဝင် ကျန်းမာရေး စောင့်ရှောက်မှု စနစ်မျိုး ရှိနေပြီး အရမ်းနည်းပါးတဲ့ အရေးပေါ်လူနာ ကုသရေး အခန်းတွေသာ ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကုသဖို့ အသုံးပြုတဲ့ ဘာဆေးဝါးမှ မရှိပါဘူး။

 မြောက်ကိုရီးယားဟာ တရုတ်ဆီက ကိုဗစ် ကာကွယ်ဆေးတချို့ တင်သွင်းထားကြောင်း ကောလာဟလတွေ ထွက်ပေါ်ဖူးပေမယ့် အများစုကတော့ နိုင်ငံ လူဦးရေ ၂၅ သန်းဟာ လုံးဝ ကာကွယ်ဆေး မထိုးရသေးဘူးလို့ ယူဆထားကြပါတယ်။