အမေရိကန်က ယူကရိန်းအတွက် လက်နက်တွေ ထပ်မံပေးပို့

အမေရိကန်ကနေ  ယူကရိန်းအတွက် လက်နက်တွေ ထပ်မံပေးပို့သွားမယ်လို့ ပင်တဂွန်ဌာနချုပ်က ဇူလိုင် ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုပေးအပ်တဲ့ စစ်ရေး အကူအညီထဲမှာတော့  လေကြောင်းရန် ကာကွယ်ရေးစနစ် ၂ ခု၊ ဒုံးပစ်လောင်ချာတွေ၊ ၁၅၅ မမ အမြောက်ကျည်ဆံ တသိန်းခွဲ နဲ့  ထောက်လှမ်းရေးရေဒါ ၄ ခု တို့ ပါဝင်တယ်လို့ သိရပါတယ်။ 

တန်ပြန်အမြောက်သုံးရေဒါကလည်း AN/TPQ-37 စနစ်ဖြစ်ပြီး အရင်ကပေးပို့ခဲ့တဲ့ စနစ်ထက် ၃-ဆ ပိုမိုထိရောက်မှုရှိတယ်လို့ အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ပြောထားပါတယ်။ 

” အရပ်သားတွေနဲ့ပြည့်နေတဲ့ စျေးဝယ်စင်တာလိုနေရာမျိုးကို တိုက်ခိုက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ယူကရိန်းပြည်သူတွေ ရင်ဆိုင်နေရတာပါ၊ သူတို့က တိုင်းပြည်အတွက် ဆက်လက်တိုက်ပွဲဝင်နေပြီး အမေရိကန်ကတော့ သူတို့ဘက်ကနေ ဆက်လက်ရပ်တည်နေတယ်” လို့ အကူအညီနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ယူကရိန်း ဈေးဝယ်စင်တာတစ်ခုကို ရုရှားဗုံးကြဲလေယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောထားတာပါ။

အဲဒီတိုက်ခိုက်မှုကို အနောက်နိုင်ငံခေါင်းဆောင်တွေနဲ့ ပုပ်ရဟန်းမင်းကြီးတို့က ရှုတ်ချခဲ့ပေမယ့် ရုရှားဘက်ကတော့ ဒုံးကျည်ဟာ ကုန်တိုက်ဘေးမှာရှိတဲ့  လက်နက်သိုလှောင်ရုံကို ထိမှန်ခဲ့ပြီး မီးလောင်ပေါက်ကွဲခဲ့တာလို့ ငြင်းဆိုထားပါတယ်။