မြောက်ကိုရီးယား စစ်လေယာဉ် နှစ်ရာနီးပါး နယ်စပ်နားကပ်လာလို့ တောင်ကိုရီးယား လေတပ်တုံ့ပြန် 

နယ်စပ်နားကို မြောက်ကိုရီးယား စစ်လေယာဉ် အစီးနှစ်ရာနီးပါးလောက် တအုပ်တမကြီး ပျံသန်းလာတဲ့အတွက် တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေပြီး ကာကွယ်ရေးအတွက် ပြင်ဆင်စေခဲ့ရကြောင်း တောင်ကိုရီးယားက ကြေညာပါတယ်။ 

နိုဝင်ဘာ ၄ ရက်က နှစ်နိုင်ငံ နယ်စပ်မျဉ်းနား မလှမ်းမကမ်းထိ မြောက်ကိုရီးယားရဲ့ စစ်လေယာဉ် အစီး ၁၈၀ လောက်က နေရာတွေခွဲပြီး ချဉ်းကပ် ပျံသန်းခဲ့ကြတာလို့ တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ပါတယ်။ ကိုရီးယား ကျွန်းဆွယ်နားမှာ အမေရိကန်နဲ့ တောင်ကိုရီးယား လေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဟာ ရန်စတဲ့ အပြုအမူလို့ မြောက်ကိုရီးယားက တင်းတင်းမာမာ စွပ်စွဲပြီးတဲ့နောက် နယ်စပ်နားမှာ အခုလို လေယာဉ်တွေ အမြောက်အမြား အင်အားပြ ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီမတိုင်ခင် မနက်အစောပိုင်းမှာလည်း မြောက်ကိုရီးယားဟာ ညလုံးပေါက် လက်နက်ကြီးကျည် အလုံး ၈၀ လောက် ပစ်ခတ်ပြခဲ့ပြီး ပင်လယ်ပြင်ဖက်ကိုလည်း ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်မှာ ပါဝင်တဲ့ တာဝေး တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ပစ်ခတ်မှုကတော့ မအောင်မြင်ခဲ့ဘူးလို့ ယူဆရပြီး ဒုံးကျည်က ပင်လယ်ပြင်ထဲ ကျဆင်းသွားခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ အခုသီတင်းပတ် အစောပိုင်းကလည်း တစ်နေ့တာအတွင်း စံချိန်တင် ပမာဏအဖြစ် ဒုံးကျည် ၂၃ စင်းထိ အင်အားပြ ပစ်ခတ်ခဲ့ပါသေးတယ်။ နိုဝင်ဘာ ၄ ရက် ဖြစ်စဉ်မှာတော့ မြောက်ကိုရီးယား စစ်လေယာဉ် အုပ်ကြီးကို ရေဒါမှာ တွေ့လိုက်တာနဲ့ တောင်ကိုရီးယားကလည်း ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေ အပါအဝင် တိုက်လေယာဉ် အစီး ၈၀ ကို မြောက်ပိုင်းက နယ်စပ်နားမှာ စောင့်ကြပ် ပျံသန်းဖို့ စေလွှတ်ခဲ့ပါတယ်။ 

နောက်ထပ် တောင်ကိုရီးယား စစ်လေယာဉ် အစီး ၂၄၀ လောက်ကတော့ အမေရိကန်နဲ့အတူ Vigilant Strom စစ်ရေးလေ့ကျင့်မှုမှာပဲ ဆက်လက် ပါဝင်နေခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြောက်ကိုရီးယားရဲ့ လက်နက်ကြီးနဲ့ ဒုံးကျည် ပစ်ခတ်မှု၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေက တရိပ်ရိပ် မြင့်တက်နေပါတယ်။ 

ပြီးခဲ့တဲ့ လကလည်း မြောက်ကိုရီးယား စစ်လေယာဉ် ၁၀ စီးက အလားတူပဲ နယ်စပ်နားကပ်ပြီး ပျံသန်းခဲ့တာကြောင့် တောင်ကိုရီးယား တိုက်လေယာဉ်တွေ ချက်ချင်းပျံတက်ပြီး ခံစစ်အတွက် ပြင်ဆင် စောင့်ကြပ်ခဲ့ရဖူးပါတယ်။