အရာတော်မှာ စစ်သတင်းပေး ၂ ဦးကို ရှင်းလင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝက်ပြစ်ရွာက စစ်သတင်းပေးအဖြစ် အများကသတ်မှတ်ထားသူ ၂ ဦးကို အမည်မသိအဖွဲ့က ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
မေလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဝက်ပြစ်ရွာနေ သတင်းပေးလို့နာမည်ထွက်နေသူ ရွှေမောင်းကို ရှင်းလင်းခဲ့ပါတယ်။ ရွှေမောင်းဟာ စစ်သားတွေ လာရောက်ရင် ထမင်း၊ ဟင်းနဲ့ စားနပ်ရိက္ခာတွေကို ချက်ပြုတ်ကျွေးမွေး ထောက်ပံ့ပို့ဆောင်သူဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
မေလ ၂၀ ရက် ညပိုင်းကလည်း အရင်ဝက်ပြစ်ကျေးရွာအုပ်ချုပ်ရေးမှူး မျိုးလင်းကို အမည်မသိအဖွဲ့က ရှင်းလင်းခဲ့ပါတယ်။
‘အဲဒီ ၂ ယောက်စလုံး သတင်းပေးဆိုပြီး ကျွန်တော်တို့ မြို့ပေါ်ကလူတွေလည်း ကြားတယ်။ ဒီလောက် ရွာတွေကို မီးလောင်တိုက်သွင်းနေတဲ့ စစ်တပ်ကို ဘယ်လို စိတ်ခံစားမှုနဲ့ အလုပ်အကျွေးပြုနေလဲဆိုတာ စဉ်းစားလို့မရဘူး’ လို့ အရာတော်မြို့နယ်၊ ၃ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
မျိုးလင်းဟာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ သတင်းတွေကို စစ်တပ်ထံ ပေးပို့နေပြီး စစ်တပ်လာရင် သွားရောက်တွေ့ဆုံလေ့ရှိတယ်လို့ ဒေသခံတစ်ဦးကပြောကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။