မြိုင်မြို့နယ် ရွာ ၇ ရွာက အိမ် ၁၇၀၀ လောက်ကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာ ရွာ ၇ ရွာထဲက ခန့်မှန်း အိမ် ၁၇၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က မေ ၁၂ ရက်နေ့ကစပြီး ဒီနေ့ထိတိုင်မြိုင်မြို့နယ် တခွင်လုံးကို စစ်ကြောင်းထိုးနေပြီး ရွာတွေထဲ ကောင်းတာမှန်သမျှ အကုန်လုယက်ပြီးမှ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ထောက်ပို့ရဲဘော်တစ်ဦးကပြောပါတယ်။
‘ရွာထဲဝင်ပြီဆိုတာနဲ့ ရွာသားတွေလည်း ထွက်ပြေးနေကြရတော့ ပစ္စည်းတွေ ကောင်းတာမှန်သမျှ အကုန်လုယက်တယ်။ မလိုချင်တာ ဖျက်ဆီးတယ်။ အိမ်တွေကို မထင်ရင်မထင်သလို မီးရှို့တယ်’ လို့ သူကပြောပါတယ်။
လတ်တလော သိရှိထားသမျှ စာရင်းတွေအရ မြိုင်မြို့နယ်အတွင်း ရွာသစ်ကြီးရွာက အိမ် ၇၅ လုံး၊သံဘိုရွာက ၁၀ လုံး၊နှစ်ကြိမ်မီးရှို့ခံရတဲ့ ပိတောက်ကန် (ရွာရှည်ရွာ) က စုစုပေါင်း ၁၀၀ ကျော်၊ ထန်းတောမရွာက ၂၀၊ နှမ်းစားကျင်းရွာက ၇ လုံး၊ ပန်းတိုင်းတောရွာက ၁၃ လုံးနဲ့ လက်ယက်မရွာက အိမ် ၁၅၀၀ ဝန်းကျင်လောက် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
‘လက်ယက်မရွာကိုလည်း ဒုတိယအကြိမ် ထပ်ရှို့တယ်။ တစ်ရွာလုံးကုန်ပြီလို့လည်း ပြောတာတွေရှိတယ်။ ခန့်မှန်းမီးလောင်တဲ့အိမ် ၁၅၀၀ ဝန်းကျင်လို့ ပြောကြတယ်။အတိအကျတော့ မရသေးဘူး’ လို့ သူကပြောပါတယ်။
ရွာတချို့က တဲတွေနဲ့ ကြက်ခြံတွေကို မီးရှို့ဖျက်ဆီးခဲ့တာမျိုးလည်းရှိကြောင်း သိရပါတယ်။
မေလ ၂၁ ရက်နေ့က မြိုင်မြို့နယ် အနောက်ဘက်ခြမ်း၊ ဆင်စိန်ရွာက အသက်၂၀ အရွယ် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့ကြောင်းလည်း သိရပါတယ်။
‘အဲဒီလူငယ်လေးက စိတ်မနှံ့ဘူးလို့ သိရတယ်။ စစ်တပ်မြင်လို့ လှည့်ပြေးတာ အပစ်ခံရပြီး ဆုံးသွားတယ်’ လို့ သူကပြောပါတယ်။
Photo-နွေဦးတော်လှန်ရေး-မြိုင်
ပုံစာ-မီးရှို့ခံရမှုမြင်ကွင်းတချို့