ယူကရိန်း စာသင်ကျောင်းကို ရုရှားရဲ့ဗုံးဖောက်ခွဲမှုကြောင့် လူ၆၀ကျော်သေဆုံးဖွယ်ရှိ

Photo- Reuters

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Bilohorivka ရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို ရုရှားက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနေဦး လူ ၂ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် အယောက် ၆၀ သေဆုံးနိုင်ဖွယ်အခြေနေရှိနေတယ်လို့ Luhansk ဒေသ အုပ်ချုပ်ရေးမှူးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

စနေနေ့ မွန်းလွဲပိုင်းက လူ ၉၀ ခန့် ခိုလှုံနေတဲ့ စာသင်ကျောင်းကို ရုရှားတပ်ဖွဲ့ဝင်တွေက ဗုံးကြဲချခဲ့ပြီး အဆောက်အအုံမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး Serhiy Gaidai က ပြောကြားခဲ့ပါတယ်။

“မီးကို လေးနာရီနီးပါးကြာအောင်ငြှိမ်းသတ်ခဲ့ကာ အပျက်အစီးတွေကို ရှင်းလင်းခဲ့ပြီးနောက် ကံမကောင်းစွာနဲ့ပဲ လူနှစ်ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်” လို့ Gaidai က ဆိုပါတယ်။

အပျက်အစီးတွေထဲမှာ လူသုံးဆယ်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ် လူခြောက်ဆယ်ခန့်ကတော့ အပျက်အစီးတွေအောက်မှာ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Reuters ကတော့ ဒီအစီရင်ခံစာကို ချက်ချင်း အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ယူကရိန်းနဲ့အနောက်နိုင်ငံတွေက ရုရှားတပ်ဖွဲ့တွေဟာ အရပ်သားတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို ပစ်မှတ်ထားနေတယ်လို့ စွပ်စွဲထားပေမယ့် မော်စကိုကတော့ စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ၁၀ ပတ်ကြာ စစ်ပွဲအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး မြို့ကြီးတွေကို ဖျက်ဆီးခဲ့တာကြောင့် ယူကရိန်းနိုင်ငံသား ၅ သန်း ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။

ပူတင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ မရေမတွက်နိုင်တဲ့အပျက်အစီးတွေကို ဖြစ်ပေါ်စေရုံသာမက ဥရောပတစ်ခွင်ကိုလည်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စနေနေ့ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။