ဘက်ခ်မတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့ ရုရှားရဲ့ကြေညာချက်ကို ယူကရိန်းသမ္မတ ငြင်းဆို

မေ၊ ၂၂

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဘက်ခ်မတ်မြို့ကို ရုရှားတွေ သိမ်းပိုက်သွားပြီဆိုတဲ့ သတင်းကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ငြင်းဆိုသွားခဲ့ပါတယ်။

ဘက်ခ်မတ်ကို လပေါင်းများစွာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့တဲ့ ရုရှား ကြေးစားတပ်ဖွဲ့ Wagnerက တမြို့လုံးကို ထိန်းချုပ်လိုက်ပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပေမယ့် ဇီလန်စကီးက ပယ်ချခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ဘက်ခ်မတ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်ပွားနေဆဲလို့ ဂျပန်နိုင်ငံ၊ ဟီရိုးရှီးမားမြို့က G7 ညီလာခံကို အထူးဖိတ်ကြားခံ ဧည့်သည်တော် အနေနဲ့ တက်ရောက်ချိန်မှာ ဇီလန်စကီးက ပြောကြားသွားပါတယ်။

ယူကရိန်း စစ်တပ်ကလည်း ဘက်ခ်မတ်မြို့လယ်ကို လက်လွှတ်ထားရပြီး ဖြစ်တဲ့တိုင် မြို့စွန်က အစိတ်အပိုင်းတွေကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားဆဲလို့ ပြောပါတယ်။ ဘက်ခ်မတ်ဟာ မဟာဗျူဟာအရ အချက်အခြာ မကျလှပေမယ့်လည်း မြို့စောင့်တပ်တွေရဲ့ မဆုတ်မနစ် ခုခံနိုင်စွမ်းကြောင့် ကျူးကျော်သူ ရုရှားတွေကို တွန်းလှန်နေတဲ့ ယူကရိန်းရဲ့ ဂုဏ်ယူစရာ စစ်ပွဲ သင်္ကေတတခု ဖြစ်လာပါတယ်။ 

အစောပိုင်းမှာ ဇီလန်စကီးက ဘက်ခ်မတ်မြို့ဟာ ယူကရိန်း ပြည်သူတွေရဲ့ နှလုံးသားထဲမှာပဲ ရှိတော့တယ်လို့ ပြောခဲ့တာကြောင့် မြို့ကို သိမ်းပိုက် ခံလိုက်ရပြီလို့ အတည်ပြုသလို သဘောမျိုး သက်ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဇီလန်စကီးက သူဆိုလိုတာဟာ စစ်ဒဏ်ကြောင့် စိစိညက်ညက် ကျေပျက်မသွားခင် ဘက်ခ်မတ်ရဲ့ ပုံရိပ်ကိုသာ ရည်ညွှန်းတာဖြစ်ကြောင်း ဖြေရှင်းခဲ့ပြီး လက်ရှိ အချိန်ထိ ဘက်ခ်မတ် တမြို့လုံး ရုရှားလက်ထဲ မကျရောက်သေးဘူးလို့ ရှင်းလင်းသွားခဲ့ပါတယ်။

ဇီလန်စကီးက ဒုတိယ ကမ္ဘာစစ်မှာ အနုမြူဗုံး ကြဲချတာ ခံခဲ့ရတဲ့ ဟီရိုရှီးမား မြို့လိုပဲ ဘက်ခ်မတ်ဟာလည်း ဆိုးဆိုးရွားရွား ပျက်စီးနေပြီလို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ ဟီရိုရှီးမားလိုပဲ စစ်ပြီးခေတ်မှာ သူ့နိုင်ငံဟာ ဘက်ခ်မတ်ကို ပြန်တည်ဆောက်ယူမည်လို့ ယူကရိန်း သမ္မတက ပြောပါတယ်။

Wagner ကြေးစားတပ်တွေ ဦးဆောင်နေတဲ့ ရုရှားထိုးစစ်ဟာ ဘက်ခ်မတ်ကို သိမ်းယူဖို့ ပြီးခဲ့တဲ့ ဆောင်းရာသီ မတိုင်ခင် ကတည်းက အားထုတ်နေခဲ့တာပါ။ လက်ရှိ အချိန်မှာတော့ ရုရှားတပ်တွေက မြို့လယ် ခန်းမ အပါအဝင် ဘက်ခ်မတ်ရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားနိုင်တဲ့တိုင် ယူကရိန်း ခုခံရေး တပ်တွေကလည်း မဆုတ်မနစ် တုံ့ပြန်နေကြဆဲလို့ သိရပါတယ်။

 

Ref: BBC