အယ်လ်ဆာဗေးဒိုး အားကစားရုံမှာ စုပြုံတိုးဝှေ့ရင်း လူပိမိလို့ ပရိသတ် ဒါဇင်နဲ့ချီသေဆုံး

မေ၊ ၂၂

အယ်လ်ဆာဗေးဒိုး နိုင်ငံက အားကစားရုံ တခုထဲမှာ လူတွေ စုပြုံတိုးဝှေ့ကြရာက အချင်းချင်း နင်းမိ၊ ပိမိကြလို့ တဒါဇင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အလယ်ပိုင်း အမေရိက ဒေသတွင်း နိုင်ငံရဲ့ မြို့တော် ဆန် ဗယ်ဗေးဒိုးမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူငယ် ဘောလုံးပြိုင်ပွဲတခုကို အားပေး ကြည့်ရှုဖို့ ကူစ်ကက်လန် အားကစားရုံကြီးထဲ ပရိသတ်တွေ အတင်း တိုးဝင်ကြရင်း အခုလို အဖြစ်ဆိုးကြီး ပေါ်ပေါက်လာခဲ့တာပါ။

 သေဆုံးသူ ၁၂ ဦးထိ အတည်ပြု တွေ့ရှိထားပြီး အားလုံးဟာ အသက် ၁၈ နှစ်နဲ့ ၂၀ ကြား လူငယ်တွေဖြစ်ကြောင်း၊ ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ဆေးရုံတွေမှာ တက်ရောက် ကုသနေသူ တော်တော်များများလည်း ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အခုလို ဖြစ်ရတာက စျေးကွက်ထဲမှာ လက်မှတ်အတုတွေ ဖြန့်ဝေ ရောင်းချထားတာကြောင့်လို့ ရဲတွေက ယူဆနေပါတယ်။ အခင်းဖြစ်တဲ့နေ့က ကွင်းဆံ့ လူဦးရေထက် အများကြီးပိုတဲ့ ပရိသတ်တွေက လက်မှတ်တွေကိုင်ပြီး အားကစားရုံကို ရောက်လာခဲ့ကြပါတယ်။

လူတွေ အရမ်းများလာတဲ့အတွက် အားကစားရုံရဲ့ ဂိတ်တံခါးကြီးကို ပိတ်ဖို့ ပြင်ဆင်နေချိန် ပရိသတ်တွေက အလုအယက် တိုးဝင်ကြရာကစလို့ ရုတ်ရုတ်သဲသဲ အခြေအနေတွေ ပေါ်ပေါက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ တိုးဝှေ့ ပြေးလွှားသူတချို့ ရှေ့ကနေ လဲကျရာက နောက်မှာ ပါလာသူတွေက ထပ်ဆင့် ပိမိပြီး သေဆုံး ဒဏ်ရာရမှုတွေ ဖြစ်လာတာပါ။

အစိုးရက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူ အားလုံးကို တိတိကျကျ ဖော်ထုတ် အရေးယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနိုကလည်း အယ်လ်ဆာဗေးဒိုး ဘောလုံးလောက တခုလုံးနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ထုတ်ပြန်ထားပါတယ်။

လူတွေ ဒါဇင်နဲ့ချီ သေဆုံးတဲ့ ဖြစ်ရပ်အပြီးမှာတော့ အယ်လ်ဆာဗေးဒိုး တနိုင်ငံလုံးက တရားဝင် ဘောလုံးပြိုင်ပွဲ အားလုံးကို ယာယီ ရပ်နားထားဖို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က ညွှန်ကြားခဲ့ကြောင်းလည်း သိရပါတယ်။

 

Ref: Dawn