လူတစ်ရာ့သုံးဆယ်ကျော် သေဆုံးခဲ့ရာ အားကစားရုံကို ဖြိုချဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေ စီစဉ် 

လူစုလူဝေးက အထိတ်တလန့် ပြေးလွှားကြရင်း နင်းမိ၊ ပိမိကြလို့ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ရာ အားကစားရုံကြီးကို ဖြိုချဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက စီစဉ်နေပါတယ်။ 

အရှေ့ဂျာဗား ဒေသက မာလန်မြို့မှာရှိတဲ့ ဘောလုံး အားကစားရုံကြီးကို ဖြိုချပြီး အသစ်ပြန်တည်ဆောက်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။ သမ္မတ ဂျိုကို ဝီဒိုဒိုက အနိဋ္ဌာရုံ ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ခဲ့ပြီးတဲ့နောက် ဘောလုံးကို ချစ်မြတ်နိုးတဲ့ နိုင်ငံမှာ ပရိသတ်တွေ လုံခြုံဘေးကင်းရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေကို ထိထိရောက်ရောက် ပြင်ဆင် ပြောင်းလဲသွားမယ်လို့ ပြောကြားထားပါတယ်။ 

အောက်တိုဘာ ၁ ရက်က ပြည်တွင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကလပ်အသင်း နှစ်ခုရဲ့ ပွဲစဉ်အပြီး ကန်ဂျူရူဟန် ကွင်းထဲကို ပရိသတ်တချို့ ကျူးကျော်လာရာက ပြဿနာတွေ အစပြုခဲ့ပါတယ်။ ဆိုးသွမ်း ပရိသတ် အနည်းအကျဉ်းလောက်ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ထိန်းသိမ်းရာမှာ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ခဲ့တာကြောင့် ပွဲကြည့်စင်ပေါ် ရှိနေသူတွေပါ အထိတ်တလန့် ဖြစ်ပြီး စုပြုံတိုးဝှေ့ ပြေးလွှားခဲ့ကြပါတယ်။ အဲဒီနောက် အချင်းချင်း တိုးမိ၊ ဖိမိကြရာကနေ အင်ဒိုနီးရှား နိုင်ငံသမိုင်းမှာ အားကစားကွင်းတွေနဲ့ ဆက်စပ်တဲ့ အဆိုးရွားဆုံး အနိဋ္ဌာရုံ ဖြစ်ရပ်ကြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

ဝီဒိုဒိုကတော့ ကန်ဂျူရူဟန် ကွင်းကြီး တစ်ခုလုံးကို ဖြိုချပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ စံနှုန်းတွေနဲ့အညီ အသစ်ပြန်လည် တည်ဆောက်သွားမယ်လို့ ပြောကြားထားပါတယ်။ အားကစားရုံရဲ့ ဝင်ပေါက် ထွက်ပေါက်တွေ ကျဉ်းလွန်းနေတာကလည်း လူတွေ အသေအပျောက် ပိုများသွားစေတဲ့ ပြစ်ချက်တစ်ခု ရှိတယ်လို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။ 

အင်ဒိုနီးရှားဟာ အသက် ၂၀ အောက် လူငယ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်နေချိန်မှာ အခုအခြေအနေမျိုး ကြုံလာရတဲ့အတွက် ဖီဖာကလည်း ပြိုင်ပွဲ လုံခြုံရေးအတွက် စိုးရိမ်နေပါတယ်။ သမ္မတ ဝီဒိုဒိုဟာ ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖာတီနိုနဲ့ ဆွေးနွေးပြီးတဲ့နောက် အဲဒီ အားကစားရုံကို ဖြိုချပြီး ဖီဖာရဲ့ စံနှုန်းတွေအတိုင်း ပြန်လည် ပြင်ဆင် တည်ဆောက်သွားဖို့ ကတိပြုခဲ့ကြောင်း ပြောပါတယ်။ 

ဒါ့အပြင် အားကစားရုံ ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်လို့ အင်ဒို အစိုးရနဲ့ ဖီဖာတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့လည်း သဘောတူခဲ့ပါတယ်။  လတ်တလောမှာတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကိုင်တွယ်ပုံ မှားယွင်းခဲ့တဲ့ အင်ဒို ရဲတပ်ဖွဲ့ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို အင်ဒို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ကြုံနေရကြောင်း သိရပါတယ်။