ဇယားထိပ်ဆုံး အသင်းတွေ မကစားဖြစ်တဲ့ ပရီးမီးယားလိဂ် ကြားရက်ပွဲစဉ်များ (ပွဲကြိုသုံးသပ်ချက်)  

အခုတစ်ပတ် ကြားရက်မှာ ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းထားတာကြောင့် ပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်း တစ်ပွဲကို လက်လွှတ်လိုက်ရပါတယ်။ အာဆင်နယ်က ယူရိုပါလိဂ် ပွဲကျန်အဖြစ် ပီအက်စ်ဗီ အိုင်ဟိုဗန်နဲ့ ကစားရမှာ ဖြစ်တဲ့အတွက် စီးတီးနဲ့ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တာပါ။ အမှတ်ပေး ဇယားထိပ်ဆုံးနေရာ တိုက်ပွဲက အခုသီတင်းပတ်မှာ မဖြစ်မြောက်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါး ထိပ်တိုက် တွေ့ဆုံမှုလို ပွဲကောင်းတွေတော့ ရှိနေပါတယ်။ 

ဘရန့်ဖို့ဒ် – ချဲလ်ဆီး

အမှတ်ပေးဇယား အဆင့် ၁၀ ကို ရောက်နေတဲ့ ဘရန့်ဖို့ဒ်ရဲ့ ကစားပုံက မဆိုးလှပါဘူး။ နောက်ပြီး တိုနေး ဦးဆောင်တဲ့ တိုက်စစ်က အဆိပ်ရှိတယ်လို့ ပြောလို့ရပါတယ်။ ချဲလ်ဆီးကတော့ နောက်ဆုံး ၄ ပွဲဆက်တိုက် ပြိုင်ပွဲစုံမှာ ပေးဂိုးမရှိ အနိုင်ရထားပါတယ်။ ချဲလ်ဆီးမှာ ကွင်းလယ် တိုက်စစ်သမား မော့င်က ခြေစွမ်းပြနေသလို ဂိုးသမား ကယ်ပါကလည်း အတည်ငြိမ်ဆုံး လက်စွမ်းမျိုး ပိုင်ဆိုင်နေပါပြီ။ ချဲလ်ဆီးရဲ့ ကစားပုံဟာ စွဲမက်စရာ အကောင်းဆုံး အဆင့်မျိုးထိ ရောက်မလာသေးပေမယ့် နိုင်သင့်တဲ့ ပွဲတွေ၊ နိုင်ဖို့ခက်တဲ့ ပွဲတွေကို ဆက်တိုက် အနိုင်ယူပြနေတာကိုတော့ ချီးကျူးရပါလိမ့်မယ်။ ကစားရခက်တဲ့ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာရော ချဲလ်ဆီးတို့ နိုင်ပွဲဆက်မလား စိတ်ဝင်စားစရာပါ။ သေချာတာကတော့ ချဲလ်ဆီး မရှုံးနိုင်ပါဘူး။ ဘရန့်ဖို့ဒ်ရဲ့ ရုန်းအားကြောင့် အမှတ်မထင် သရေကျသွားတာမျိုးတော့ ရှိကောင်း ရှိနိုင်ပါတယ်။ 

လီဗာပူးလ် – ဝက်စ်ဟမ်းယူနိုက်တက်

ဒီရာသီမှာ စွမ်းဆောင်ရည်ပိုင်း ယိမ်းယိုင်နေခဲ့တဲ့ လီဗာပူးလ်ဟာ ခြေစွမ်း အကောင်းတကာ့ အကောင်းဆုံး ဖြစ်နေတဲ့ မန်ချက်စတာ စီးတီးကို အနိုင်ယူပြခဲ့တဲ့နောက် စိတ်ဓာတ်ပိုင်း တက်ကြွနေမှာ အသေအချာပါပဲ။ ဝက်စ်ဟမ်းရဲ့ လက်ရှိရာသီ ခြေစွမ်းက သိပ်စိတ်ဝင်စားစရာ မရှိသလို ကစားရမယ့် နေရာကလည်း လီဗာပူးလ်ရဲ့ အောင်မြေလို့ သမုတ်ရမယ့် အန်းဖီးလ် ဖြစ်နေပြန်တာကြောင့် ဝက်စ်ဟမ်းအတွက် မျှော်လင့်စရာ အနေအထား သိပ်မရှိပါဘူး။ စီးတီးနဲ့ ပွဲတုန်းက လီဗာပူးလ်ရဲ့ လုပ်အားနှုန်းဟာ ကြောက်ခမန်းလိလိ ကောင်းမွန်ခဲ့ပြီး ဒီလို ကစားဟန်မျိုးကို ပွဲတိုင်းအတွက် ထိန်းသိမ်းထားနိုင်ရင်တော့ ရှေ့လျှောက် တိုးတက်မှုတွေ မြင်လာရပါလိမ့်မယ်။ ဒါပေမဲ့ လီဗာပူးလ် တိုက်စစ်မှာ လူသစ် နူနက်ဇ်နဲ့ ရှိရင်းစွဲ ကစားသမားတွေ အတွဲအဖက် သိပ်မမိသေးတဲ့ ပြဿနာကိုတော့ အမြန်ဆုံး ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ ဒီပွဲမှာတော့ လီဗာပူးလ် ဘယ်နှဂိုးနဲ့ နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရုံပါပဲ။

မန်ချက်စတာ ယူနိုက်တက် – တော့တင်ဟမ် ဟော့စပါး

တော့တင်ဟမ်ရဲ့ လက်ရှိရာသီ ခြေစွမ်းရော၊ ရလဒ်တွေပါ ကောင်းမွန်နေတာကြောင့်လည်း အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ထိုက်ထိုက်တန်တန် ရပ်တည်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ မန်နေဂျာသစ် တန်ဟက်ဂ် လက်အောက်မှာ တိုးတက်လာတဲ့ အပိုင်းတွေ ရှိပေမယ့် အချိတ်အဆက် အပိုင်းမှာတော့ အားနည်းနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း နယူးကာဆယ် ယူနိုက်တက်ကို အိမ်ကွင်းမှာ သရေကျခဲ့တာကြောင့် ရမှတ်တွေ ပြုန်းတီးခဲ့ပါတယ်။ တကယ်လို့ အိမ်ကွင်းပွဲစဉ်တွေမှာ နယူးကာဆယ်တို့၊ တော့တင်ဟမ်တို့လို အသင်းကောင်းတွေကို အနိုင်မယူနိုင်ဘူးဆိုရင် ရာသီကုန်မှာ အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာ ဝင်ဆံ့ဖို့ ယူနိုက်တက်ရဲ့ အားထုတ်မှုတွေ သဲထဲရေသွန် ဖြစ်သွားပါလိမ့်မယ်။ တော့တင်ဟမ်ကတော့ သူတို့ရဲ့ အားသာတဲ့ တန်ပြန်တိုက်စစ်ကို ကောင်းကောင်း အသုံးချပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ အိမ်ရှင်တွေကို ဒုက္ခပေးပါလိမ့်မယ်။ တော့တင်ဟမ် ရှေ့တန်းမှာ ကိန်း၊ ဆွန်နဲ့ ရစ်ချာလီဆန်တို့ အတွဲညီသလောက် ယူနိုက်တက်မှာတော့ ပုံသေ တိုက်စစ် အစုအဖွဲ့ တစ်ခုကိုတောင် မတွဲစပ်နိုင်သေးပါဘူး။ ဒီပွဲမှာ ယူနိုက်တက်ဟာ အိမ်ကွင်း အားသာချက် တစ်ခုသာ ပိုင်ဆိုင်ထားပြီး နှစ်သင်းစလုံး အနိုင်ရဖို့ ဆတူ အခွင့်အရေး ရှိနေတာကို လက်ခံရပါလိမ့်မယ်။ 

အခြားပွဲစဉ်များ

ဘရိုက်တန် ၀ – ၀ နော်တင်ဟမ်ဖောရက်စ်

ခရစ္စတယ်လ်ပဲလေ့စ် ၂ – ၁ ဝုလ်ဗ်

ဘွန်းမောက်သ် – ဆောက်သမ်တန်

နယူးကာဆယ်ယူနိုက်တက် – အဲဗာတန်

ဖူလ်ဟမ် – အက်စ်တန်ဗီလာ

လက်စတာစီးတီး – လိဒ်စ်ယူနိုက်တက်