စစ်ကောင်စီက သတ်ဖြတ်ထားတဲ့ အလောင်းငါးလောင်း ငါန်းဇွန်မြို့နယ်ထဲမှာ ညပိုင်းလာပစ်ပြီး မနက်မှာ ပြန်ကောက်ယူ

Photo- CJ
သတ်ဖြတ်ခံထားရတဲ့ အမည်မသိရုပ်အလောင်းငါးလောင်းကို မန္တလေးတိုင်း၊မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ကုလရွာ ထိပ် မှာ စစ်ကားသုံးစီးက အောက်တိုဘာ(၁၇)ရက်ညပိုင်းမှာ လာပစ်ချသွားပြီး ဒီကနေ့မနက်မှာတော့ စစ်ကား တွေကပဲ ပြန် ကောက်ယူသွားတယ်လို့ သိရပါတယ်။
“လက်ပြန်ကြိုးတုတ်ပြီး ပစ်သတ်ခံထားရတာ၊ အခြားနေရာကသတ်လာတာ ကျွန်တော်တို့ရွာအနီးကလူတွေတော့ မ ဟုတ်ဘူး၊ အလောင်းတွေဘေးမှာ သွေးကွက်မတွေ့ရဘူး၊ မနေ့ညက ငါန်းဇွန်မြို့ဘက်ကနေလာချသွားပြီး ဒီနေ့မနက်မှာ ငါန်းဇွန်မြို့ဘက်ကို ပြန်သယ်သွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
သတ်ဖြတ်ခံထားရသူတွေဟာ လူငယ်တွေဖြစ်ပြီး အမျိုးသားလေးဦးနဲ့ အမျိုးသမီးတဦးပါဝင်တယ်လို့ ဒေသတွင်း တော်လှန်ရေးသတင်းတွေ ဖော်ပြနေတဲ့ ဆီမီခုံးသတင်း လူမှုကွန်ရက်စာမျက်နှာကလည်း ဖော်ပြပါတယ်။ သတ်ဖြတ် ခံထားရသူတွေဟာဘယ်သူတွေဖြစ်တယ်ဆိုတာ သိရဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။
စစ်ကားသုံးစီးနဲ့ အလောင်းတွေလာချချိန်မှာ သေနတ်တွေလည်းပစ်ဖောက်ခဲ့တယ်လို့ ဆီမီးခုံသတင်း စာမျက် နှာက ဖော်ပြပါတယ်။
စစ်ကောင်စီက အခုလိုလုပ်ဆောင်တာဟာ ပြည်သူတွေကို ကြောက်စိတ်ရိုက်သွင်းဖို့နဲ့ တော်လှန်ရေးမှာ အင်အားနည်း သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဒေသခံ တော်လှန်ရေးသမား တဦးက သုံးသပ်ပြောဆို ပါတယ်။