လိုင်စင်မပါတဲ့အကြောင်းပြချက်နဲ့ ခရမ်းမြို့ပေါ်မှာ လူ၅ဦးနဲ့ ဆိုင်ကယ်အစီး၃၀လောက် စစ်တပ် ဖမ်းဆီး

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့ပေါ်မှာ လိုင်စင်မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လူ၅ဦးနဲ့ ဆိုင်ကယ်အစီး၃၀ လောက် ဖမ်းဆီးထားကြောင်းသိရပါတယ်။
ဧပြီလ ၂၂ ရက်နေ့ကစတင်ကာ ဆိုင်ကယ်နဲ့ ကားလိုင်စင် မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီး နေခြင်းဖြစ်ပြီးမနေ့ကတစ်ရက်တည်းနဲ့ ဆိုင်ကယ်အစီး၃၀လောက် ဖမ်းဆီးခံရတာပါ။
ဒီနေ့မနက်အစောပိုင်းမှာလည်းခရမ်းမြို့၊ ငှက်ကျောင်းလမ်းမှာ ပြည်သူတစ်ဦးစီးလာတဲ့ ဆိုင်ကယ်ဖုံတက်နေတယ်ဆိုပြီး ဒဏ်ငွေနှစ်သောင်းပေးဆောင်ခိုင်းရာ ကြောက်ပြီးပေးခဲ့ရတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့တနေကုန် ဌက်ကျောင်းလမ်းမှာ လာသမျှကားနဲ့ဆိုင်ကယ်တွေကိုစစ်ဆေးနေ ပြီး ဒီကနေ့ ဖမ်းဆီးခံရမှုအခြေအနေကို မသိသေးပါဘူး။
‘ဖမ်းထားတဲ့ ၅ ယောက်ကိုမလွှတ်သေးပါဘူးဗျ။ ဆိုင်ကယ်တချို့ကိုတော့ ပိုက်ဆံနဲ့လာရွေးခိုင်းပါတယ်။ ကောင်းတဲ့ဆိုင်ကယ်တွေပြန်မရွေးခိုင်းပါဘူး’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလူငယ်တစ်ဦးကပြောပါတယ်။
အဖမ်းခံရတဲ့ဆိုင်ကယ်တွေကို အနည်းဆုံး ကျပ်နှစ်သောင်းနဲ့ပြန်ရွေးရပြီး ဆိုင်ကယ်ကောင်းရင်ကောင်းသလို ကျပ်နှစ်သောင်းထက်ပိုပေးရတယ်လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ် အစစ်အဆေးများတဲ့ခရမ်းမြို့ ဘုရားကြီးရှေ့၊ ငှက်ကျောင်းလမ်း၊ မီးသတ်ရုံးနား၊ သစ်ဆိုင်ကွေ့(မြေနီလမ်း)၊ ကြိုဆိုပါ၏ကုန်း၊ BOC ဆီဆိုင်အနီး၊ ကမ်းနားလမ်း၊ မင်းလမ်း၊ ကြံ့ဖွံ့ရုံးအနီး၊ ကွမ်းမိုးဒိန်းအဝင်၊ ကျောင်းကြီးလမ်းနဲ့ အမှတ်(၆)ရပ်ကွက် သံလမ်းစျေးကုန်းအဆင်း နေရာတို့ကို ပြည်သူတွေ မသွားလာကြဖို့ ခရမ်းချန်နယ်က တိုက်တွန်းထားပါတယ်။