ဇွဲတွန်ဂိတ် တိုက်ခိုက်ခံရမှု ဖမ်းဆီးခံရွာသား ၂၅ ဦးကို ၁၀ ရက်ကြာတဲ့အထိ ပြန်မလွှတ်သေ

photo-ခရမ်းချန်နယ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဇွဲတွန်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ရွာသား ၂၅ ဦးကို ၁၀ ရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘူးလို့သိရပါတယ်။
ဧပြီ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့က ဇွဲတွန်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ အလစ်အငိုက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ဇွဲတွန်ရွာသား ၂၅ ဦးကို အုန်းနှဲနဲ့ ကဝမြို့ရဲစခန်းတို့မှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘဲ ဖမ်းဆီးထားကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးသာမျက်နှာ Kawa Information က ထုတ်ပြန်ပါတယ်။
ပစ်ခတ်ခံရတဲ့ညက ဇွဲတွန်ကျေးရွာရှိ ကလေးလူကြီးမကျန်အားလုံးကို လမ်းပေါ်ထွက် ဒူးထောက်ခိုင်းထားပြီးနောက်ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး နောက်တစ်ခါအခုလိုပစ်ခတ်ခံရပါက ရွာပါပျောက်သွားမယ်လို့ စစ်သားတွေက ခြိမ်းခြောက်သွားကြောင်းလည်း ဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဟာ ခိုးကြောင်ခိုးဝှက် မဟုတ်ဘဲ နေ့ခင်းကြောင်တောင် လာတိုက်တဲ့အပြင်တိုက်ပွဲဗီဒီယိုဖိုင်ပါ သတင်းမီဒီယာတွေ ပေါ်တင်ထားတာကြောင့် ဇွဲတွန် ကျေးရွာသားတွေနဲ့ မသက်ဆိုင်ဘူးဆိုတာရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြောင်း Kawa Information က ဆိုပါတယ်။ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘အဲဒီတိုက်ခိုက်မှုမှာ ဇွဲတွန်ရွာသားတွေနဲ့ ဘာမှမဆိုင်မှန်း စစ်တပ်ရောရဲရောသိပါတယ်။ ဘာလို့ဖမ်းထားသလဲဆိုတော့ ကြောက်အောင်နဲ့ ပိုက်ဆံပေးမှ ပြန်လွှတ်မယ် ဆိုတာမျိုးလုပ်ချင်တာ’ လို့ မှတ်ချက်ပေးပါတယ်။
ဇွန်တွန်ဂိတ်တိုက်ပွဲမှာ မိနစ် ၄၀ လောက်ကြာခဲ့ပြီး စစ်ကူပေးဖို့ သက္ကလဘက်က ဆင်းလာတဲ့စစ်ကားကို သက္ကလနဲ့ ဇွဲတွန်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကူမပေးတော့ဘဲ နောက်ပြန်ပြေးသွားကြောင်း ခရမ်းချန်နယ်က ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီး နောက်တစ်ရက်မှာ သုံးခွမြို့ ၉ ရပ်ကွက်သင်္ချိုင်းမှာ စစ်သား ၅ ယောက်ရဲ့အလောင်းကို စောင်နဲ့ပတ်ပြီး လာသင်္ဂြိုလ်သွားတယ်လို့ ခရမ်းချန်နယ်က ဆိုပါတယ်။