မန္တလေးခရိုင် NLD ဒုဥက္ကဌရဲ့ ဇနီးဖြစ်သူကို စစ်အုပ်စုက ဖမ်းဆီးပြီး အလောင်းစွန့်ပစ်

မန္တလေးတိုင်း မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကိုကိုလေးနေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ရှာဖွေရာမှာ ဦးကိုကိုလေးကို မတွေ့တာကြောင့် ဇနီးဖြစ်သူကို ဖမ်းဆီးသွားပြီး အလောင်းကို လူမြင်ကွင်းမှာ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁၂ ရက်နေ့က မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ် ၃၆ လမ်းနဲ့ ၇၁ လမ်းအနီးမှာရှိတဲ့ ဦးကိုကိုလေးရဲ့ နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းရာမှာ ဦးကိုကို​လေးရဲ့ ဇနီးဖြစ်သူ ဒေါ်စိုးစိုးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဖမ်းဆီးခေါ်ဆောင်သွားပြီး ၆ ရက်ခန့်အကြာ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းမှာ ဂေါ်ယာကွင်းအရှေ့ရှိ မီးသတ်ရုံးရှေ့မှာ ဒေါ်စိုးစိုးရဲ့ ရုပ်အလောင်းကို စစ်အုပ်စုက လာရောက် စွန့်ပစ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဦးကိုကိုလေးကို မတွေ့လို့ သူ့အမျိုးသမီးကို ဖမ်းသွားတာ ဖမ်းသွားချိန်မှာလည်း ရိုက်နှက်တာတွေ လုပ်ခဲ့သေးတယ်၊ ဖမ်းထားတဲ့အချိန်က ကျန်းမာရေးလည်း ကောင်းပါတယ်၊ ဒါ မတရားသတ်ဖြတ်တာခံရတာပါ”လို့ NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဖမ်းဆီးလိုသူတွေကို မတွေ့ရင် မိသားစုဝင်တွေကိုပါ ဖမ်းဆီးလေ့ရှိပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးတာ​တွေရှိတယ်လို့ သိရပါတယ်။