မတ္တရာမြို့ စစ်ဆေးရေးဂိတ်ဗုံးပေါက် စစ်အုပ်စုဝင် ၄ဦးထက်မနည်းသေ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

မန္တလေးတိုင်း မတ္တရာမြို့က မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်အုပ်စုက ၄ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက်ပိုင်းမှာ မန္တလေး-မိုးကုတ်လမ်း မတ္တရာမြို့အဝင် ဒင်္ဂါးချောင်းစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်အုပ်စုက ဗိုလ်အဆင့်တစ်ဦးနဲ့ ရဲ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဂိတ်က လမ်းသွားလမ်းလာတွေကို စစ်နေတဲ့ဂိတ်၊ စစ်တပ်ကလဲ စခန်းချထားတယ် အဲ့ဒီမှာ၊ ဗုံးပစ်သွားတာမှာ ဗိုလ်တစ်ဦး ရဲ၃ယောက်သေတယ် ရဲတစ်ယောက်လဲ ဒဏ်ရာပြင်းတယ်ပြောတယ်၊ လူနာတင်ကားတွေပါ သွားတာကိုတွေ့ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

အကြမ်းဖက်စစ်အုပ်စုကတော့ မြို့အဝင်စစ်ဆေးရေးဂိတ်တွေအပြင် မြို့တွင်းမှာပါ ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။