စစ်တပ် ရှေ့တန်းစခန်းအတွက် လေယာဉ်နဲ့ကြဲချတဲ့ လက်နက်နဲ့ ရိက္ခာ KNLA တပ်ဖွဲ့ဝင်တွေ ရရှိ

အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်းဆီ လေယာဉ်နဲ့ကြဲချတဲ့ လက်နက်နဲ့ ရိက္ခာတွေကို KNLA တပ်ဖွဲ့ဝင်တွေက ရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ (၂၉) ရက်နေ့မှာ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်း မယ်ဝေ (မဲဝိုင်) အတွက် စစ်လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ ဝတ္ထုပစ္စည်းတွေ ကြဲချခဲ့ခြင်းဖြစ်ပြီး ကြဲချသွားတဲ့ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းအားလုံးကို KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း (၁၀၂)၊ တပ်ခွဲတပ်ဖွဲ့ဝင်တွေက ရယူသိမ်းဆည်းကာ သယ်ဆောင်နိုင်စွမ်းမရှိတဲ့ ရိက္ခာပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြပါတယ်။
လက်နက်နဲ့ရိက္ခာတွေချဖို့ လေယာဉ် ၄ စီးရောက်ရှိခဲ့ခြင်းဖြစ်ပြီး KNLA တပ်ဖွဲ့ဝင်တွေက ကြိုတင်စောင့်ဆိုင်း ပစ်ခတ်တာကြောင့် ပစ္စည်းမကြဲချနိုင်ခဲ့တဲ့ လေယာဉ် ၃ စီးဟာ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
လေယာဉ်ပေါ်က စက်သေနတ်နဲ့ပစ်လို့ ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပြီး အိမ်တစ်လုံး ဗုံးဆန်ထိမှန် မီးလောင်ခဲ့ကြောင်းသိရပါတယ်။
ပုံစာ-မတ်လ (၂၇) ရက်က လူသောမြို့နယ်၊ ဒေဘုနိုရွာ ဗုံးကြဲတိုက်ခိုက်ခံရစဉ်