မြစ်ကြီးနားမြို့ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ လုံရှာယာန်စစ်ရှောင်အချို့ ဧပြီလဆန်း နေရပ်ပြန်မယ်

တိုက်ပွဲတွေကြောင့် တစ်လကျော်နီးပါး မြစ်ကြီးနားမြို့တွင်း တိမ်းရှောင်နေကြတဲ့ ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာမှ စစ်ရှောင်ပြည်သူအချို့ ဧပြီလဆန်းပိုင်းကစတင်ကာ နေရပ်ပြန်ဖို့ပြင်ဆင်နေတယ်လို့ The 74 Media ကဖော်ပြထားပါတယ်။
လက်ရှိမှာ ကျေးရွာတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပြီး သက်ဆိုင်ရာ လူကြီးတွေကလည်း စစ်ရှောင်ပြည်သူအချို့ နေရပ်ပြန်နိုင်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုနဲ့ KBC ၊RCM ၊ WMR ၊ MBC ၊ PCG အဖွဲ့အစည်းတွေ အစည်းဝေးလုပ် ညှိနှိုင်းပေးနေတယ်လို့ ဆိုပါတယ်။
နေရပ်ပြန်မယ့် စစ်ရှောင်ဒေသခံအချို့ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ခရီးစရိတ် တာဝန်ယူပြီး နေရပ်သို့ ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။
လုံရှာယာန်စစ်ရှောင် အိမ်ထောင်စု စုစုပေါင်း ၃၀၀ ကျော်၊ လူဦးရေ တစ်ထောင်ကျော်ခန့်ဟာ မြစ်ကြီးနာမြို့တွင်း ဘုရားကျောင်းဝင်း၊ ဆွေးမျိုးအိမ်တွေနဲ့ တချို့အခန်းဌားရမ်းကာ နေထိုင်ကြပြီး ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) ၊ မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) တို့နဲ့ ဖွဲ့စည်းထားသော ကော်မတီအဖွဲ့က ဦးဆောင်ကူညီနေတာပါ။
Source- The 74 Media