မုံရွာမြို့ပေါ်က ကမ္ဘောဇဘဏ်ခွဲ ၃ ခုကို ဗုံးခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ ၃ ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defence Force – South Monywa ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကို People’s Defence Force – South Monywa နဲ့အတူ Black Dragon Special Task Force၊ Knights Of The Red Land အဖွဲ့တို့ပူးပေါင်းပြီး မတ်လ ၁၉ ရက်နေ့မှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ထိခိုက်ပျက်စီးမှု ရှိ၊မရှိကိုတော့ မဖော်ပြထားပါဘူး။
မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ‘လူထိခိုက်မှုမရှိအောင် သတိပေးဖောက်ခွဲတယ်လို့ ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပေါက်ကွဲတဲ့နေရာကို သွားကြည့်ရင် အဖမ်းခံရနိုင်လို့ သွားမကြည့်ရဲပေမဲ့ ပတ်ဝန်းကျင် ပြောစကားအရ ထိခိုက်မှုမရှိဘူးလို့ သိရတယ်’ လို့ ဆိုပါတယ်။
စစ်အုပ်စုထိန်းချုပ်ခံ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အတိုင်း ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေရဲ့ ရပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင်တွေကို လေးစားမှုမရှိဘဲ ပြည်သူတွေရဲ့ Bank Account နဲ့ KBZ Pay Account တို့ကို ပိတ်ခြင်းနဲ့ ထိန်းချုပ်ခြင်းတို့ ဆက်လက်ပြုလုပ်နေပါက ထပ်မံတိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။