သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ ပရဟိတလူငယ် ဆေးကုသခွင့်မရ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ ပရဟိတလူငယ်ဟာ ဆေးကုသခွင့်မရဘူးလို့ သိရပါတယ်။
မတ်လ ၁၈ ရက် ညနေ ၅ နာရီကျော်လောက်က ရေးမြို့နယ်၊ဝဲပေါင်ရွာမှာ ကားပြင်နေစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်တာကြောင့် ကားပြင်ဆရာတစ်ဦး သေနတ်ထိမှန်သေဆုံးပြီး ပရဟိတသမား ကိုအောင်ခန့်ဟိန်းနဲ့ ကားပြင်ဆရာ နောက်တစ်ဦးတို့ သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရေးမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
‘သူတို့ကို ရေးအခြေစိုက် စစ်တပ်ထဲ ဖမ်းထားတယ်။ ဆေးကုသခွင့်မရဘူးလို့ ဖရဲသီးတွေကနေ သိရတယ်’ လို့ သူကပြောပါတယ်။
ကိုအောင်ခန့်ဟိန်းဟာ ရေးမြို့မှာ နေထိုင်တဲ့ အသက်၂၆ နှစ်အရွယ် ပရဟိတလူငယ်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လမှာ အကြမ်းဖက်စစ်အုပ်စုက ပုဒ်မတပ် ဖမ်းဝရမ်းထုတ်တာကြောင့် မွန်ပြည်သစ် ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေသူဖြစ်ပါတယ်။
‘သူက ကားပျက်လို့ ကားပြင်ဆရာတွေကို ဝဲပေါင်ရွာခေါ်ပြီး ပြင်နေတဲ့အချိန် စစ်ခွေးတွေက သေနတ်နဲ့ ဝင်ပစ်တာ’ လို့ သူကပြောပါတယ်။
ကိုအောင်ခန့်ဟိန်း မောင်းလာတဲ့ကားနဲ့ ကားပြင်ဆရာတွေရဲ့ ဆိုင်ကယ်ကိုလည်း အကြမ်းဖက်စစ်တပ်က သိမ်းသွားတယ်လို့ သိရပါတယ်။
‘သူတို့ ဒဏ်ရာဘယ်လောက်များလဲ သေချာမသိပေမဲ့ စစ်တပ်ထဲဖမ်းထားပြီး ဆေးကုခွင့်မရတော့ သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတယ်’ လို့ သူကဆက်ပြောပါတယ်။
ကိုအောင်ခန့်ဟိန်းဟာ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေက စာသင်ကျောင်းတွေကို တည်ဆောက်ပေးခြင်းနဲ့ သဘာဝဘေးဖြစ်လာတဲ့အခါ ပြည်သူတွေကို လိုက်ကူညီပံ့ပိုးပေးခဲ့သူဖြစ်ပြီး ရေးမြို့နယ်မှာ လူသိများပါတယ်။
ဝဲပေါင်ရွာဟာ ရေးမြို့ပေါ်ကနေ ၁၀ မိုင်လောက် ဝေးပါတယ်။