တပ်တွင်း မိသားစုအပေါ် မယုံလို့ စစ်ရေးပြပွဲ ပန်းကုံးစွပ်မယ့်သူတွေကို သေချာစိစစ်နေ

စစ်အုပ်စုဟာ တပ်တွင်းမိသားစုဝင်ကိုတောင် ယုံကြည်မှုမရှိတော့တာကြောင့် တော်လှန်ရေးနေ့ စစ်ရေးပြပွဲ ပန်းကုံးစွပ်မယ့်သူတွေကို အသေအချ ာစိစစ်နေကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။
မတ်လ ၂၇ ရက်နေ့၊ နေပြည်တော်မှာ ပြုလုပ်မယ့် တော်လှန်ရေးနေ့ စစ်ရေးပြပွဲမှာ ပန်းကုံးစွပ်လိုသူတွေအနေနဲ့ တယ်လီဖုန်းနဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး လုံခြုံရေးဝင်ခွင့်ကတ် ထုတ်တဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်၊ ဓာတ်ပုံတို့နဲ့တကွ လူကိုယ်တိုင်လာရောက်ထုတ်ယူရမယ်လို့ အကြမ်းဖက်စစ်တပ်က ကြေညာထားပါတယ်။
‘စစ်ရေးပြပွဲဆိုတာ သာမန်ပြည်သူတွေနဲ့ မပတ်သက်တာကြာပါပြီ။ ဘယ်ပြည်သူကမှ အဲနေရာမသွားတာ ရှစ်လေးလုံးပြီးကတည်းကပါ။ သိန်းစိန်လက်ထက်နဲ့ NLD လက်ထက်မှာတောင် ဘယ်ပြည်သူကမှ အဖက်မလုပ်တာ။ အခုမင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ လုံးဝပွဲပြီးသွားရော’ လို့ သူကပြောပါတယ်။
ဒါ့ကြောင့် ပန်းကုံစွပ်မယ့်သူတွေအတွက် အခုထုတ်ပြန်ချက်ဟာ တပ်တွင်းမိသားစုတွေအတွက်ဖြစ်ပြီး လာမယ့် ၂၇ ရက်နေ့စစ်ရေးပြပွဲမှာ ဗုံးခွဲခံရမှာကြောက်လို့ လုံခြုံရေးအထပ်ထပ်လုပ်နေတယ်လို့ သူကပြောပါတယ်။
‘တပ်ထဲမှာ မင်းအောင်လှိုင်ကို တူးတူးခါးခါး မုန်းနေသူတွေလည်း အများကြီးပဲ။ မင်းအောင်လှိုင်ကြောင့် စစ်သားတွေနေ့စဉ်သေနေတာ၊ ပြည်သူတွေက အမုန်းကြီးမုန်းတာဆိုပြီး သိတဲ့ တပ်တွင်းမိသားစုတွေ အများကြီးပဲ။ တပ်တွင်းဖရဲသီးတွေလည်း အများကြီးပဲ။မစွန့်ရဲလို့သာ မစွန့်ကြသေးတာ။ အဲဒါကြောင့် တပ်ထဲကလူတွေကိုလည်း မယုံတော့တာ’ လို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးပြပွဲကို ပရိသတ်မရှိဘဲ ပြုလုပ်ရမှာ စိုးတာကြောင့် စစ်ရေးပြပွဲလာမယ့် လူတွေကို သေချာစိစစ် ရွေးချယ်နေတယ်လို့ သိရပါတယ်။
‘ပြောရမယ်ဆို တပ်ထဲက မိသားစုတွေကလည်း မလာချင်ကြဘူး။ ဘာလို့လဲဆိုတော့ ဗုံးစာမိမှာစိုးလို့’ လို့ သူ ကပြောပါတယ်။
၁၉၈၈ ခုနှစ်မတိုင်မီ မဆလ လက်ထက်အထိ တော်လှန်ရေးနေ့ စစ်ရေးပြပွဲဟာ ပြည်သူတွေပါ ပါဝင်ဆင်နွှဲ ခဲ့ကြတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။