အာဏာသိမ်းပြီးနောက် နေရပ်စွန့် ထွက်ပြေးရသူပေါင်း ၅ သိန်း ကျော်ပြီ

အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၅ သိန်းကျော်ပြီလို့ ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက် ရရှိတဲ့ ကိန်းဂဏန်းတွေအရ အာဏာသိမ်းပြီးချိန်ကတည်းက ထပ်မံအိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၅၁၉,၅၀၀ ဦးနဲ့ အရင်ပဋိပက္ခအကျပ်အတည်းတွေကြောင့် ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေကြရသူ ၃၇၀,၄၀၀ ဦး စုစုပေါင်း မြန်မာနိုင်ငံတွင်း နေရပ်စွန့်ထွက်ပြေးနေရသူပေါင်း ၈၈၉,၉၀၀ ဦး ရှိပြီဖြစ်ပါတယ်။
လတ်တလောမှာ မူရင်းနေရပ်ကို ပြန်လာကြသူဦးရေ အနည်းငယ်ရှိတဲ့အတွက် စုစုပေါင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျရှိနေတယ်လို့ UNOCHA ကဆိုပါတယ်။
မြန်မာနိုင်ငံအရှေ့တောင်နဲ့ အနောက်မြောက်ပိုင်းမှာ ပဋိပက္ခတွေပိုမိုပြင်းထန်လာနေပြီး အရပ်သားတွေဟာ အဲဒီပဋိပက္ခရဲ့ အကျိုးဆက်ကို ဆက်လက်ခါးစည်းခံနေရပါတယ်။
သွားလာခွင့်ဆိုင်ရာ စိန်ခေါ်မှုအကျပ်အတည်းတွေကြားထဲက လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ ဒေသခံမိတ်ဖက်တွေကတစ်ဆင့် တိုက်ပွဲရှောင်လာရသူတွေနဲ့ လက်ခံအသိုင်းအဝိုင်းကို အရေးပေါ်အကူအညီပေးဖို့ တတ်နိုင်တဲ့နေရာတွေမှာ ဆက်လက်လုပ်ဆောင်နေကြောင်း အကူအညီပေးသူတွေအနေနဲ့ ပဋိပက္ခဒဏ်ခံရတဲ့နေရာတွေဆီ အကူအညီပစ္စည်းတွေသယ်ယူရာမှာ အခက်အခဲတွေ ရင်ဆိုင်ရကြောင်း သိရပါတယ်။
ကချင်နဲ့ ရှမ်းမြောက်ကို ကုလသမဂ္ဂအေဂျင်စီတွေ စုပေါင်းသွားရောက်ခဲ့ရာ တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်ဦးရေများပြားလာတဲ့အတွက် တိုးပွားလာတဲ့ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးပိုင်းဆိုင်ရာ သိသာစွာ ကွာဟမှုတွေကို တွေ့ခဲ့ရတယ်လို့လည်း ထုတ်ပြန်ပါတယ်။