အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူ ၅ သိန်းခွဲကျော်ပြီ

Photo- CJ
အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေ ၅ သိန်းခွဲကျော်ရှိပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့အထိရရှိတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူဦးရေ ၉၁၂,၇၀၀ ရှိပြီး အဲဒီအထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၆,၁၀၀ ပါဝင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဆိုပါတယ်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာနေရပ်စွန့်ခွာရသူဦးရေဟာ ပထမဆုံးအကြိမ်အဖြစ် လူသုံးသိန်းကျော်သွားခဲ့ပြီလို့လည်း ထုတ်ပြန်ပါတယ်။
လူသားချင်း စာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေဟာ ဒေသခံမိတ်ဖက်တွေကတစ်ဆင့် နေရပ်စွန့်ခွာလာရသူတွေနဲ့ လက်ခံရာ ရပ်ရွာခံလူထုတွေထံ အရေးပေါ် အကူအညီပေးတာတွေကို တတ်နိုင်တဲ့နေရာတွေမှာ ဆက်လက်လုပ်ဆောင်နေပေမဲ့ အကူအညီပေးသူတွေဟာ ပဋိပက္ခဒဏ်သင့်ရာနေရာတွေဆီ ကူညီကယ်ပံ့ပိုးရေး ပစ္စည်းတွေသယ်ယူရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသူတစ်ဦးကတော့ သူတို့ဆီကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ရောက်မလာဘူးလို့ပြောပါတယ်။
‘အခုကျွန်မတို့ ရွာကို စစ်တပ်ကဝင်စီးထားလို့ ရွာနားတောင်မကပ်နိုင်တာ ၂ လကျော်ပါပြီ။ ဒီလိုပဲဖြစ်သလို ဆွေမျိုးတွေရှိတဲ့ရွာတွေမှာ ကပ်နေကြရတယ်။ အချင်းချင်းကူညီမှုကလွဲရင် အာဆီယံဆိုတာလည်း မလာဘူး။ ကုလသမဂ္ဂအကူအညီဆိုတာလည်း ကြားတောင်မကြားဖူးဘူး’ လို့ သူက ပြောပါတယ်။