ချင်း၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ အိုးအိမ်စွန့်ခွာနဲ့အရပ်သားပိုင်ပစ္စည်း ဖျက်ဆီးခံရမှုတွေ ဖြစ်ပွားနေ

တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုနဲ့အရပ်သားပိုင်ပစ္စည်း ဖျက်ဆီးခံရမှုတွေ ဖြစ်ပွားနေတယ်လို့ UNOCHA က သတင်းထုတ်ပြန်ပါတယ်။
လတ်တလောအချိန်အတွင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ကုလသမဂ္ဂရဲ့မတ်လ ၁၄ ရက်က ရရှိတဲ့ ကိန်းဂဏန်းတွေအရ အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၂၇၂,၉၀၀ ရှိနေကာ အဲဒီပြည်နယ်နဲ့ တိုင်းတို့မှာ အများဆုံးရှိနေပါတယ်။
အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်တိမ်းရှောင်နေရသူဦးရေမှာလည်း ၃၁,၀၀၀ကျော် ရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက အိမ်အလုံးပေါင်း ၄,၆၀၀၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် အရပ်သားပိုင်ပစ္စည်းများစွာဟာလည်း မီးရှို့ဖျက်ဆီးခြင်းခံရတဲ့သတင်းတွေ ကြားသိရတယ်လို့ ထုတ်ပြန်ပါတယ်။
လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ ခရီးသွားလာခွင့် တင်းကျပ်ထားတဲ့ကြားက အရေးပေါ်အကူအညီတွေကို တတ်နိုင်တဲ့နေရာက တတ်နိုင်တဲ့နည်းတွေနဲ့ ပေးအပ်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အာဏာမသိမ်းခင်က လူဦးရေ ၃၇၀,၀၀၀နဲ့ သိမ်းပြီးနောက်ပိုင်း လူဦးရေ ၅၀၂,၆၀၀ အပါအဝင် စုစုပေါင်းလူဦးရေ ၈၈၉,၉၀၀ လောက် တိုက်ပွဲရှောင်ထွက်ပြေးနေရပါတယ်။