အကြမ်းဖက်စစ်တပ် ပစ်ခတ်လို့ ဦးခေါင်းကျည်သင့်ကျဆုံးပြည်သူ ၁၅၈ ဦးထက်မနည်းရှိ

အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ဦးခေါင်းကျည်သင့်ကျဆုံးခဲ့တဲ့ပြည်သူ ၁၅၈ဦးထက်မနည်းရှိတယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။
အဲဒါဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP ) မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးမှုစာရင်းတွေလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း တခုတည်းမှာတင် ဦးခေါင်းထိမှန်ကျဆုံးပြည်သူ၄၄ ဦးထက်မနည်း ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ပါတယ်။ မန္တလေးတိုင်းမှာ ၃၀နဲ့ ရန်ကုန်တိုင်းမှာ ၂၄ ဦးထက်မနည်း ရှိခဲ့တယ်လို့ ISP-Myanmar ကဆိုပါတယ်။
‘ဒီမှတ်တမ်းတွေဟာ မင်းအောင်လှိုင်ကိုကြိုးကွင်းစွပ်ဖို့ အရေးကြီးတဲ့အချက်အလက်တွေပါပဲ’လို့ မုံရွာမြို့ နေနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောရေး စခန်းတွေမှာ ကျဆုံးခဲ့ရတဲ့ အရေအတွက် စုစုပေါင်း ၉၉ ဦးထက်မနည်း ရှိပြီး အများဆုံး ကျဆုံးခဲ့တဲ့ ဒေသ‌က မန္တလေးတိုင်းအတွင်း ဖြစ်ကာ ကျဆုံးသူ ၂၈ ဦးထက်မနည်းရှိခဲ့ပါတယ်။ ဒုတိယအများဆုံးကစစ်ကိုင်းတိုင်းဖြစ်ပြီး၂၁ ဦးထက်မနည်း ကျဆုံးခဲ့ကာ ရန်ကုန်တိုင်းမှာတော့ ၁၇ ဦးထက်မနည်း ကျဆုံးခဲ့ပါတယ်။
အသက်၂၀သာရှိသေးတဲ့မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော်မှာ ဆန္ဒပြနေစဉ် အကြမ်းဖက်စစ်သား ပစ်လိုက်တဲ့သေနတ်ကျည်ဆန် ဦး ခေါင်းထိမှန် ကာ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီ၁၉ရက်မှာ ကျဆုံးခဲ့ပါတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ နွေဦးတော်လှန်ရေးအတွင်း ပထမဆုံးအကြိမ် ဦးခေါင်းကျည်ထိမှန်ကျ ဆုံး ခဲ့သူဖြစ်ပါတယ်။