အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမယ့်  ရာဇဝတ်မှုခင်းများ အစီရင်ခံစာ AAPP ထုတ်ပြန်

စစ်တပ်က အာဏသိမ်းပြီးနောက် နိုင်ငံအဝှမ်းပြည်သူ ၁,၈၇၅ ဦးခန့် သတ်ဖြတ်ခံခဲ့ရပြီး အစုအလုံးအပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် ၁၃ ကြိမ်အတွင်းမှာ သေဆုံး ၃၃၇ဦးထိ ရှိ​တယ်လို့ AAPPက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ကို AAPPက ဒီကနေ့ ဇူလိုင် ၈ရက်မှာ ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုတာဝန်ခံရမည့် ရာဇဝတ်မှုများ ခေါင်းစဉ်နဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

AAPP အနေနဲ့ အစီရင်ခံစာကို ထုတ်ပြန်ရခြင်းဟာ ရာဇဝတ်မှုမြောက်များစွာကျူးလွန်ထားတဲ့ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေ ပြစ်ဒဏ်ပေးခံရတာကနေ လွတ်မြောက်နေမှုကို တားဆီးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် မြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ချိန်ကစပြီး သတ်ဖြတ်မှုဖြစ်စဉ် ၁,၈၇၅ ခုကို AAPP က စီစစ်အတည်ပြုနိုင်ခဲ့ပြီး အဲဒီသတ်ဖြတ်မှုဖြစ်စဉ်တွေမှာ တပ်မ ၇၇ နဲ့တပ်မ ၄၄ တို့ ပါဝင်ပတ်သတ်နေ​တယ်လို့ ရေးသားဖော်ပြထားပါတယ်။

AAPP က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းချိန်က စတင်ဖြစ်ပွားခဲ့တဲ့ အစုအလိုက် အပြုံလိုက်သတ်ဖြစ်မှု ဖြစ်စဉ် ၁၃ခုအတွင်း အရပ်သားပြည်သူ ၃၃၇ ဦးထိ သေဆုံးစေခြင်းဟာ ပြင်းထန်ရက်စက်တဲ့တိုက်ခိုက်မှုဖြစ်ပြီး သံချပ်ကာကားတွေ၊စက်သေနတ်စတဲ့ လက်နက်ကြီးတွေ အသုံးပြုပစ်ခတ် တိုက်ခိုက်တာဟာ အစုအလိုက်အပြုံလိုက် သေစေဖို့ရည်ရွယ်တယ်လို့လည်း ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၆၆ ဟာ ခရစ်စမတ်နေ့ မတိုင်မီ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ပြီး တပ်မ ၄၄ ဟာ ကနီ မြို့နယ်မှာ ဖြတ် ၄ ဖြတ်  စစ်ဆင်ရေးနဲ့ အစုလိုက်အပြုံ လိုက် သုတ်သင်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။