အပြာရောင်အင်္ကျီ ဝတ်ဆင်ပြီး နိုင်ကျဉ်းအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးတောင်းဆိုဖို့ AAPP လှုံဆော်

ဧပြီ ၂၁ ရက်နေ့မှာ ဟံသာဝတီဦးဝင်းတင်ရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ အပြာရောင်အင်္ကျီကို ဝတ်ဆင်ကာ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးကို တောင်းဆိုကြဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လှုံ့ဆော်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်ဧပြီ ၂၁ ရက်နေ့ဟာ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၈) နှစ်ပြည့်ဖြစ်ပြီး အဲဒီနေ့မှာ အပြာရောင်လှုပ်ရှားမှု ပြုလုပ်ကြမယ်လို့ AAPP က ဆိုပါတယ်။
‘သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဆိုတာ တကယ်ကို လူသိများပြီး လူအများလေးစားခံရတဲ့ ကြီးမြတ်တဲ့၊ ဂုဏ်ပြုထိုက်သူ တစ်ယောက်ပါ။ ဦးဝင်းတင်ဟာ စစ်အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရသူပါ။ ဦးဝင်းတင်ဟာ ထောင်မှလွတ်မြောက်လာပြီးကတည်းက နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မချင်း အကျဉ်းထောင် ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံကို နေ့စဉ်မပျက် ဝတ်ဆင်သွားခဲ့သူပါ’ လို့ AAPP က ဆိုပါတယ်။
ဦးဝင်းတင်ဟာ စစ်အာဏာရှင်တွေကို ပြတ်ပြတ်သားသားတွန်းလှန်ခဲ့သူတစ်ဦးဖြစ်ပြီး ဦးဝင်းတင်ဝတ်ဆင်ခဲ့တဲ့ ထောင်ဝတ်စုံအပြာရောင်ဝတ်စုံဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးရဲ့ အရေးကြီးတဲ့အမှတ်လက္ခဏာ ဖြစ်တယ်လို့ မုံရွာမြို့နေ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။
‘ဆရာကြီး ဝတ်ဆင်ခဲ့တဲ့ အပြာရောင်ဝတ်စုံဟာ ဒီမိုကရေစီအရေခြုံချင်တဲ့ စစ်အာဏာရှင် ဝံပုလွေတွေကို ပြတ်ပြတ်သားသားစိန်ခေါ်ခဲ့တာပါ။ဒီဝတ်စုံကို ဒီနေ့တစ်ရက် ကျွန်တော်တို့ဝတ်ဆင်ပြီး နွေဦးတော်လှန်ရေး ကို အရှိန်မြှင့်ကြရမယ်’ လို့ သူကပြောပါတယ်။
ဧပြီ ၁၈ ရက်နေ့အထိ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသူပေါင်း အနည်းဆုံး (ထောင်ဒဏ်ချမှတ်ပြီး ၉၉၅ ဦး + ထောင်တွင်းကနေ တရားရင်ဆိုင်နေရသူ ၉၂၅၄ ဦး) (၁၀၂၄၉) ဦး ရှိနေပြီဖြစ်ကြောင်း AAPP က ဆိုပါတယ်။
ဧပြီ ၂၁ ရက်နေ့မှာ အပြာရောင်အင်္ကျီ ဝတ်ဆင်ကာ အဲဒီ အပြာရောင် ဝတ်ဆင်ထားတာကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်စာမျက်နှာနဲ့ အခြားဆိုရှယ်မီဒီယာတွေမှာ တင်ပေးကြဖို့နဲ့ ဓာတ်ပုံတင်တဲ့အချိန်မှာ ‘နိုင်ငံရေး အကျဉ်းသားအားလုံးချက်ချင်းလွှတ်’ စာသားကို အသုံးပြုကြဖို့ AAPP ကဆိုပါတယ်။