နွေဦးတော်လှန်ရေးကာလ ကျဆုံးပြည်သူ တထောင်ကျော်ရဲ့အချက်အလက်တွေကို စုဆောင်းရရှိထားတယ်လို့ AAPP ပြော

၂၀၊ ဩဂုတ်လ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ခြောက်လကျော်ကာလအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးက ကျဆုံးပြည်သူ ၁၀၀၇ ဦးရဲ့အချက်အလက်တွေကို စုဆောင်းရရှိထားတာဖြစ်ပါတယ်။

သြဂုတ် ၁၉ ရက်အထိ စာရင်းရရှိထားသူတွေထဲမှာ ရန်ကုန်မြို့ ကအများဆုံးနဲ့ ကျဆုံးပြည်သူ ၂၄၀ ဦးရဲ့ စာရင်းရရှိထားပြီး၊ မန္တလေး မြို့က ဒုတိယ အများဆုံးနဲ့ ကျဆုံးပြည်သူ ၂၁၆ ဦးစာရင်းရရှိထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောပြပါတယ်။

” ဆိုရှယ်မီဒီယာ ပေါ်တက်လာတဲ့ သတင်းတွေကို ကျနော်တို့ network တွေဆီကို စုံစမ်း အတည်ပြုချက် ရယူပါတယ်။တချို့ ပြည်သူတွေကလဲ အချက်အလက်တွေကို အေအေပီပီ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှာ လာပို့တာတွေလဲရှိပါတယ်” လို့ သူက ပြောပြပါတယ်။

လက်ရှိ ရရှိထားတဲ့အချက်အလက်တွေဟာ AAPP က ကောက်ယူထားတဲ့အရေအတွက်သက်သက်သာဖြစ်ပြီး အမှန်တကယ်ကျဆုံးသွားသူအရေအတွက်မှာ အခုထက်ပိုများနိုင်တယ်လို့လည်း AAPPရဲ့ ဩဂုတ်လ ၁၈ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပိုမိုပြည့်စုံတဲ့အချက်အလက်တွေ စုဆောင်းနိုင်ဖို့အတွက် ပြည်သူတွေအနေဖြင့် စာရင်းပေးပို့နိုင်ဖို့ AAPP က ဖိတ်ခေါ်ထားပါတယ်။

AAPP ဟာ ၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဘဝပြန်လည်ထူထောင်ရေးနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်အကျဉ်းကျသူတွေရဲ့ စာရင်းကို စဉ်ဆက်မပြတ်မှတ်တမ်းပြုစုခြင်းတို့ကို လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။