ယင်းမာပင်ရဲစခန်းက တပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့ထွက်ပြေးလာပြီး PDFနဲ့ပူးပေါင်း

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

ယင်းမာပင်မြို့နယ် မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်သူ မောင်သံဟာ ဩဂုတ်လ ၂၀ရက်နေ့ နံနက် ၃နာရီခန့်က စခန်းကနေ လက်နက်နဲ့တကွ ထွက်ပြေးလာပြီး ယင်းမာပင် PDFနဲ့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

တပ်ကြပ်ကြီးမောင်သံဟာ လက်နက်နဲ့တကွ ထွက်ပြေးလာပြီး လာရောက်ပူးပေါင်းတာ မှန်ကန်တယ်လို့ ယင်းမာပင် PDFက သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ တပ်ကြပ်ကြီးမောင်သံဟာ လက်နက်အပြင် ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၁၀ မနက်ပိုင်းက မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်မှာယာဥ်သွားယာဥ်လာတွေကို တားဆီး စစ်ဆေးချိန်

လူ၂ဦးဆီကနေ သိမ်းဆည်းထားတဲ့ ၁၀ ကျပ်သား အလေးချိန်ရှိတဲ့ ရွှေချောင်း ၁၂၅ ချောင်း ၊ ရွှေပိဿာချိန် စုစုပေါင်း ၁၂ ပိဿာ ၅၀ ကျပ်သား နဲ့ ပိုက်ဆံ သိန်း ၄၉၀ ကျပ်ကိုပါ ယူဆောင်ထွက်ပြေးသွားတယ်လို့ စွပ်စွဲ သတင်းထုတ်ပြန်ထားပါတယ်။

အမည်မဖော်လိုသူ စစ်ကိုင်းမြို့ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ရဲအရာရှိတစ်ဦးကတော့ ရဲပြေးဖြစ်သွားသူ တပ်ကြီးမောင်သံကို အကြောင်းပြပြီး တန်ဖိုးရှိ သက်သေခံပစ္စည်းတွေကိုပါ စခန်းက ဖျောက်ဖျက်ပြီး စာရင်းသွင်းတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုပါတယ်။

“လုပ်ငန်းစဉ်က အဆင့်ဆင့်ရှိတယ်၊ သူတစ်ယောက်ထဲနဲ့ သေနတ်လဲယူ ကျန်တာလည်းယူပြီးသွားတယ်ဆိုတာ လွယ်ကူတာမဟုတ်ဘူး၊ ဒီလောက်အလေးချိန် ဒီလောက်ပစ္စည်းနဲ့ အရပ်သားတွေးတွေးတောင်မှ မလွယ်ဘူး၊ လုပ်ငန်းစဉ်တွေအရလည်း အဲ့လိုလုပ်ဆောင်နိုင်ဖို့ မလွယ်တာကို ယူသွားပြီး CDMလုပ်တယ်ဆိုတာ အန်ကယ်ကတော့ ကိုယ့်ပေါင်ကိုယ်လှန်မထောင်းချင်ဘူး”လို့ ပြောပါတယ်။